
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နိုဝင်ဘာ ၁၄ ရက်နဲ့ နိုဝင်ဘာ ၁၇ ရက်က မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သားတယောက် သေဆုံးပြီး နောက်ထပ် အရပ်သားတယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နယ် ခုံတိုင်ကျေးရွာက အသက် ၄၂ နှစ်အရွယ် ဦးဒေါင်ရွှိုင်မှာ ရွာအနီးက တောင်တန်းပေါ်မှာ ဝါးခုတ်သွားစဥ် နိုဝင်ဘာ ၁၄ ရက်မှာ မိုင်းနင်းမိပြီးတော့ ဆေးကုသဖို့သွားစဥ်မှာ သေဆုံးသွားခဲ့တာပါ။
နိုဝင်ဘာ ၁၇ ရက်ကလည်း မောင်တောမြို့နယ် ငန်းချောင်းမွတ်ဆလင်ကျေးရွာက အမျိုးသားတယောက် ရွာအနီး ကျွဲကျောင်းနေချိန်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေတဖက် ပြတ်တောက်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားပါတယ်။
အခု မိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာတွေဟာ ရိုဟင်ဂျာလက်နက်ကိုင် ARSA အဖွဲ့ လှုပ်ရှားနယ်မြေတွေ ဖြစ်တာကြောင့် သူတို့ရဲ့ မြေမြှုပ်မိုင်းတွေ ဖြစ်နိုင်တယ်လို့ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာသား အမျိုးသားတယောက်က ပြောပါတယ်။
“ဒီရက်ပိုင်း ခုံတိုင်မှာ အမျိုးသားတယောက်နဲ့ ငန်းချောင်းရွာမှာ အမျိုးသားတယောက် မြေမြှုပ်မိုင်း နင်းမိခဲ့တာ ရှိတယ်။ ခုံတိုင်ရွာက အမျိုးသားကတော့ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားပြီး ဆေးကုသဖို့ ယူဆောင်နေစဥ်မှာ အသက်သေဆုံးခဲ့ရတယ်။ နောက် နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း ငန်းချောင်းမှာ ကျွဲကျောင်းနေတဲ့ အမျိုးသားတယောက် မိုင်းနင်းမိပြီးတော့ ညာဘက်ခြေထောက် ပြတ်တောက်သွားခဲ့သလို ဘယ်ဘက်ခြေထောက်ဟာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ သူကတော့ ဆေးကုသမှုခံနေရတယ်။ အခု မိုင်းနင်းမိတဲ့ နေရာတွေကတော့ မွတ်ဆလင် လက်နက်ကိုင်တပ် ARSA အဓိက လှုပ်ရှားနေတဲ့ မောင်တောမြောက်ပိုင်း ဖြစ်နေတဲ့အတွက် သူတို့ရဲ့ မိုင်းတွေဆိုပြီးတော့ ရွာခံတွေက ပြောကြတယ်။”
မောင်တောမြို့နယ်မှာ အရင်စစ်ကောင်စီ ရှိနေစဥ် ကလည်း ကျေးရွာတိုင်းမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ နေထိုင်ခဲ့ကြသလို အခုလည်း စစ်ကောင်စီရဲ့ မဟာမိတ် ရိုဟင်ဂျာ လက်နက်ကိုင်တွေ လှုပ်ရှားနေကြတာကြောင့် သူတို့ရဲ့ မြေမြှုပ်မိုင်းတွေဟာ ဒေသခံပြည်သူတွေရဲ့ နေ့စဥ်ဘဝကို စိန်ခေါ်မှု ရှိနေတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်တွေ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ယောက်နဲ့အထက်မှာ ရှိနိုင်တယ်လို့ ဒေသတွင်း လူမှုကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။


