
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနဲ့ နွားတင်းကုပ်ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၅ ယောက် ထိခိုက်သေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၆ ယောက် ရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက် မနက် ၁၀ နာရီ ၃ မိနစ်မှာ ဘာထလေကျေးရွာနဲ့ နွားတင်းကုပ်ကျေးရွာတွေထဲကို ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဒုံးကျဉ် ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ AA က ပြောထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဘာထလေကျေးရွာက ကျေးရွာသား ၃ ယောက် သေဆုံးပြီး၊ နောက်ထက် ၄ ယောက် ထိခိုက်ခဲ့သလို နွားတင်းကုပ်ကျေးရွာမှာလည်း ကျေးရွာသား ၂ ယောက် သေဆုံးပြီး နောက်ထပ် ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ ရခိုင်ပြည်သူတွေအကြား လူသိများတဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးအေးထွန်းဘု လည်းသေဆုံးခဲ့ရပြီး ရခိုင်ပြည်သူတွေအတွက် နစ်နာမှုကြီးမားတယ်လို့ သူရဲ့ မိတ်ဆွေအမျိုးသားတယောက်က ပြောပါတယ်။
"ဘာထလေရွာ လေကြောင်းတိုက်ခိုက်မှုမှာ ကိုအေးထွန်းဘု သေဆုံးသွားတာဟုတ်ပါတယ်။ စစ်ကောင်စီက သူလို လူသိများပြီး တော်လှန်ရေးနဲ့ ပြည်သူတွေကို အထောက်အပံ့ ပြုလုပ်နေသူတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာ ရခိုင်ပြည်နဲ့ ပြည်သူတွေအတွက် အတော်လည်းကို နစ်နာမှုကြီးမားတယ်။”
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာထလေကျေးရွာနဲ့ နွားတင်းကုပ်ကျေးရွာရှိ နေအိမ်တချို့နဲ့ စက်လှေ ၅ စင်းလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ AA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာလလယ်ပိုင်းအထိ ရခိုင်က မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၃၀ ကျော်ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိကြဖို့ AA က တိုက်တွန်း ထားပါတယ်။


