
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်က စစ်တပ်ရဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဗိုလ်ကြီး တယောက်အပါအဝင် စစ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၅ တပ်ရင်းကနေ သိရပါတယ်။
သရက်ခရိုင် အမှတ် ၅ တပ်ရင်းရဲ့တပ်ဖွဲ့ဝင်တယောက်က “အိမ်စီးကားအဖြူရောင် ၁ စီးနဲ့ သံချပ်ကာကား ၁ စီးကိ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရ လမ်းပိုင်းပေါ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ အဖြူရောင်အိမ်စီးကားပေါ်မှာ ပါလာတဲ့ ဗိုလ်ကြီး စိုးကိုကိုမောင် အပြင် စစ်သား ၂ ယောက် သေတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၅ တပ်ရင်းရဲ့တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
သရက်ခရိုင် အမှတ် ၅ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက DVB ကို “နှစ်ဖက် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးတော့ တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့တယ်။ သူတို့ဘက်က ခံရတော့ ဘာမှမဆိုင်တဲ့ နားပဲ့ရွာကို မီးရှို့သွားတယ်။ ရန်သူ့အင်အားတွေ ထပ်ရောက်လာလို့ အခြေအနေ တင်းမာနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က မီးရှို့ဖျက်ဆီးခဲ့တဲ့ နားပဲ့ကျေးရွာက ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်းကနေ AK သေနတ် တလက်၊ 79 ဗုံးပစ်လောင်ချာ တလက်၊ MA13 ကျည်အိမ် တခု၊ MA13 ကျည်အတောင့် ၂၀၊ ၄၀ မမ ဗုံး ၆ လုံး၊ ဖုန်း တလုံးနဲ့ စစ်ယူနီဖောင်း တစုံတို့ သိမ်းဆည်းရရှိခဲ့ပါတယ်။
သရက်ခရိုင်၊ အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကလည်း အဆိုပါ ကိုးပင်-သာဂရ လမ်းပိုင်းပေါ်မှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြလို့ စစ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား တစီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်လက်အောက်ခံ ရဲနဲ့ စစ်သား ၃ ယောက် သေဆုံးခဲ့ပါတယ်။


