မကွေးတိုင်း၊ ကျောမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတခုက ဝင်ရောက် မီးရှို့ဖျက်ဆီးလို့ ရွှေပင်ရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယောအလင်းအဖွဲ့ရဲ့တာဝန်ရှိသူ ကိုမင်းဒဿ က “ကျောမြို့နယ်အခြေစိုက်တဲ့ ကပစ ၂၃ စစ်ကြောင်းက ကျောမြို့နယ်ထဲမှာရှိတဲ့ ရွှေပင်ရွာကိုဝင်ပြီး မီးရှို့ဖျက်ဆီးသွားတာပါ။ ဘုန်းကြီးကျောင်း အပါအဝင် မီးလောင်ပျက်စီးတဲ့ အရေအတွက်ကတော့ အိမ် ၅ လုံး ၆ လုံးလောက်ပဲ ကျန်တယ်။ ရွာလုံးကျွတ်နီးပါးပါပဲ” လို့ ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ ရွှေပင်ကျေးရွာက ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။
ကျောမြို့နယ်မှာရှိတဲ့ ရွှေပင်ကျေးရွာဟာ ကျော ကပစ ၂၃ နဲ့ ပေါက် ကပစ ၂၄ စက်ရုံ ၂ ကြားမှာ တည်ရှိပြီး လူနေ အိမ်ခြေ ၆၀ နီးပါးရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ဂန့်ဂေါခရိုင် ပကဖ တပ်ဖွဲ့ဝင်တယောက်က “သူတို့ ရွှေပင်ရွာကို ဝင်ပြီး မီးမရှို့ခင် နေ့လယ်ပိုင်းလောက်က အဲဒီရွာနားမှာ ၁ နာရီခွဲလောက် ကြာတဲ့တိုက်ပွဲ ဖြစ်ခဲ့တယ်။ အဲဒီတိုက်ပွဲထဲမှာ သူတို့ဘက်က သေပြီးဒဏ်ရာရတဲ့သူတွေ ရှိတယ်။ အဲဒါကို မကျေနပ်လို့ ရွာထဲဝင်ပြီး ဘာမှမဆိုင်တဲ့ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဖြစ်တယ်။ အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းအထိ ရွှေပင်ကျေးရွာအနီးမှာ ရှိနေသေးတာကြောင့်လည်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတယ်”လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယောဒေသနဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို မြေပြင်စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်တာတွေအပြင် လေကြောင်း တိုက်ခိုက်မှုတွေလည်း နေ့စဥ်နဲ့အမျှ ပြုလုပ်နေတာကြောင့် သောင်းချီတဲ့ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။






