
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက် ဓမ္မာရုံမှတ်တိုင်အနီးမှာ နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီခွဲက စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ယောက်ကို ရိုက်နှက်ကာ ကားပေါ်တင် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၄ နာရီခွဲက ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ယောက်ကို ဓမ္မာရုံမှတ်တိုင်အနီးမှာ စစ်ကောင်စီတပ်က တားပြီး စစ်ဆေးကာ ရိုက်နှက် ကားပေါ်တင် ဖမ်းဆီးသွားတာလို့ ည ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“မနေ့ညနေက ဓမ္မာရုံမှတ်တိုင်နားမှာ ကောင်လေး ၂ ယောက်ကို စစ်တပ်က ရိုက်နှက်ပြီး ဖမ်းသွားတယ်။ ဆိုင်ကယ်ဖမ်းတယ်ထင်တာ၊ ဆိုင်ကယ်ရော လူရော ဖမ်းသွားတာ၊ စစ်မှုထမ်းအတွက် ပြန်ပြီးရောင်းစားဖို့နေမှာပေါ့။ ကိုယ့်ရှေ့မှာ ကိုယ့်သားသမီးအရွယ်လောက်ကို ရိုက်နှက်နေလည်း မပြောရဲတဲ့ဘဝ၊ လမ်းသွားလမ်းလာတွေဆို ရပ်မကြည့်ရဲဘူး၊ ဘေးဘီဝဲယာကို သေနတ်တွေနဲ့ချိန်ထားတာ။”
မြောက်ဥက္ကလာ၊ ရွှေပေါက်ကံနဲ့ ဝေဘာဂီမြို့သစ်တို့မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးမင်းစိုး၊ ဗိုလ်မှူးစစ်မင်းအောင် တို့က ယာဥ်စစ်ဆေးရေးနဲ့ လှည့်ကင်းအတွက် တာဝန်ယူထားပြီး နိုဝင်ဘာလအတွင်း ဖမ်းဆီးခံရသူ ၅ ယောက်မှ ၇ ယောက်အထိ ရှိတယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“မြောက်ဥက္ကလာ လှည့်ကင်းနဲ့ ယာဥ်စစ်ဆေးရေးကို တာဝန်ပေးထားတာ ဗိုလ်မှူးမင်းစိုးနဲ့ ဗိုလ်မှူးစစ်မင်းအောင်၊ သူတို့က ဆိုင်ကယ်ဖမ်းသလို ရှာဖွေစစ်ဆေးလုပ်သလိုနဲ့ အရွယ်ကောင်းတွေ ရွေးဖမ်းတာ၊ ပြီးရင် စုဆောင်းရေးနဲ့ချိတ်ပြီး ပြန်ရောင်းစားတာ၊ အဖမ်းခံရလို့ ဌာနဆိုင်ရာရော အုပ်ချုပ်ရေးရော မေးရင် ဝန်မခံဘူး၊ ဗြောင်ငြင်းတာ၊ ဒီ သူတို့ဖမ်းတာ လေး ငါး ခြောက်ယောက်လောက်ရှိမယ်။”
ရန်ကုန်မှာ စစ်မှုထမ်းအတွက် နယ်တွေမှာ လူစားထိုးဖို့ စစ်ကောင်စီတပ်က ဖမ်းဆီးကာ ပြန်လည်ရောင်းစားနေတာတွေရှိပြီး မိသားစုဝင်တွေက သင်တန်းရောက်မှသာ ပေါ်တာဆွဲဖမ်းဆီးခံရတာကို သိရှိရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မြောက်ဥက္ကလာ၊ ရွှေပေါက်ကံနဲ့ ဝေဘာဂီမြို့သစ်က စစ်မှုဇုန်၊ အဝေးပြေးဝင်းနဲ့ ဇေကမ္ဘာဝင်းမှာ လူငယ်တွေ ပျောက်ဆုံးမှုတွေရှိလို့ မိသားစုဝင်တချို့က လူပျောက်တိုင်ထားတာတွေ ရှိပါတယ်။


