
စစ်တပ်က မိုးကုတ်မြို့ကို ပြန်ဝင်မလာခင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာမှာကို စိုးရိမ်တာကြောင့် မြို့ခံတွေအနေနဲ့ ယာယီနေရပ်စွန့်ခွာသွားသူတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပေမဲ့ မိုးကုတ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကျန်ရှိနေဦးမှာ ဖြစ်တဲ့အတွက် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ ဆိုပါတယ်။
မိုးကုတ်ဒေသခံတယောက်က “တော်ဝောာ်များများတော့ တပိုင်တနိုင်လေးတွေ ထုပ်ပိုးပြီး ထွက်နေကြပြီ။ ဘယ်လောက်ပဲ အပစ်အခတ် ရပ်စဲနေပါစေ၊ စစ်တပ်က နယ်မြေရှင်းလင်းရေး ဆိုပြီး လေယာဉ်နဲ့ ဗုံးကြဲတတ်တယ်။ ဒီမှာကလည်း အသံက မျိုးစုံထွက်နေတာ။ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ပေါ့။ အဲဒါကြောင့်လည်း ရှောင်နေကြတာ။ တော်တော်များများ သွားနေကြပြီ” လို့ ပြောပါတယ်။
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်တွေက TNLA တပ်တွေရဲ့ အကူအညီနဲ့ ဒီလကုန်ပိုင်း ၂၀ ရက်နေ့လောက်မှာ ဝင်ရောက်လာနိုင်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မိုးကုတ်ကို မဝင်ခင် နယ်မြေရှင်းတဲ့အနေနဲ့ စစ်ကောင်စီတပ်က အချိန်မရွေး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် မန္တလေးနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို ဒေသခံတွေဟာ ရွှေ့ပြောင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ရွှေ့ပြောင်းသူတွေ များလာတာကြောင့် ယာဉ်စီးခတွေကလည်း ငွေကျပ် ၆၀၀,၀၀၀ သိန်းကနေ ကျပ် ၈၀၀,၀၀၀ သိန်းဝန်းကျင်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၆ ရက်ကလည်း မိုးကုတ်မှာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်းနဲ့ မိုးကုတ်မြို့ထဲကို အကြမ်းဖက်စစ်အုပ်စုတွေ ပြန်ဝင်ရောက်လာမှာကို လုံးဝ လက်မခံနိုင်ကြောင်းကို ဖော်ထုတ်ပြသတဲ့အနေနဲ့ မိုးကုတ်မြို့မှာ မြို့လုံးကျွတ် သံပုံးတီး ဆန္ဒပြနေကြတာတွေ ရှိတယ်လို့ General Strike Coordination Body – GSCBက ထုတ်ပြန်ထားပါတယ်။


