
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာက ရေဒါစခန်းမှာ ဝါဒဖြန့်ဓာတ်ပုံ ရိုက်ကူးနေတဲ့ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA) က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်က မင်းပြင်ကျေးရွာကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူအင်အားမမျှလို့ AA က ခေတ္တဆုတ်ပေးလိုက်ချိန်မှာ စစ်သားတွေ ဝါဒဖြန့်ဖို့ ဓာတ်ပုံရိုက်ကူးနေတုန်း AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တာလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“မင်းပြင်ဘက်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဗျူဟာအရ ယာယီဆုတ်ပေးခဲ့တာရှိတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီက ဝါဒဖြန့်ဖို့ ဓာတ်ပုံရိုက်တာကို ကင်းထောက်ပြီးတော့ အမိအရ တိုက်ခိုက်ရှင်းလင်းခဲ့တာ။ သေဆုံးသူတွေအထဲ စစ်ကောင်စီရဲ့ ဗျူဟာမှူးအဆင့်တွေပါတယ်လို့ သိထားရတယ်။ သေဆုံးသူကတော့ ၂၀ နဲ့ အထက်လောက်ရှိနိုင်တယ်။ လက်ရှိအချိန်အထိလည်း တိုက်ပွဲပြင်းထန်နေတုန်းပဲ” လို့ပြောပါတယ်။
ဝါဒဖြန့်ဓာတ်ပုံရိုက်နေတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ရုပ်သံဗီဒီယိုဖိုင်မှာလည်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်ဓာတ်ပုံ ရိုက်ကူးနေတာကို AA က ချိန်သားကိုက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တာကို တွေ့ရပါတယ်။
ရခိုင်စစ်ရေးစောင့်ကြည့်နေသူတယောက်က “အခု အွန်လိုင်းပေါ် ပျံ့လာတဲ့ ရုပ်သံကို ကြည့်လိုက်ရင် AA ရဲ့ တိုက်ခိုက်မှုစွမ်းရည်အပေါ် လုံးဝကို အထင်ကြီးစေတာတော့ အမှန်ပဲ။ ဝါဒဖြန့် ဓာတ်ပုံရိုက်တဲ့နေရာကို ကွက်တိ လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်တာဟာ နိုင်ငံအဆင့် စစ်တပ်တခုရဲ့ စွမ်းရည်မျိုးဖြစ်တယ်။ စစ်ကောင်စီဘက်က လှုပ်ချိန်တောင် မရလိုက်တဲ့ အချိန်မှာ ရှင်းလင်းလိုက်တာဟာ စစ်ကောင်စီတပ်အတွက်တော့ အရှက်ရစေမှာ အမှန်ပါပဲ”လို့ ပြောပါတယ်။
AA ဟာ ရခိုင်စစ်မျက်နှာနဲ့ ဧရာဝတီစစ်မျက်နှာတို့မှာ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁၀ စင်း ထက်မနည်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့ဖူးပါတယ်။
ကျောက်ဖြူမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နေ့စဥ် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် မြို့နယ် ၃ ခုကိုပဲ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပြီး အဲဒီမြို့နယ် ၃ ခုကိုပါ သိမ်းပိုက်သွားမယ်လို့ AA က ကြေညာထားပါတယ်။


