
ရန်ကုန်မြို့ပြပြောက်ကျား (YUPA) တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံလိုက်ရလို့ သူတို့နဲ့ အဆက်အသွယ်ရှိသူတွေ ရှောင်ရှားကြဖို့နဲ့ သူတို့ကို အဆက်အသွယ် လုံးဝမလုပ်ကြဖို့ YUPA တပ်ဖွဲ့ သတိပေး ကြေညာထားပါတယ်။
YUPA တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် K စည်နဲ့ ရဲဘော် မိုးလေးတို့ ၂ ယောက်ကို နိုဝင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
YUPA တပ်ဖွဲ့တာဝန်ရှိသူက “ဒီကနေ့ ကျနော်တို့ Yangon UG People Army (YUPA) ရဲ့ ရဲဘော်တွေဖြစ်တဲ့ Kစည်နဲ့ မိုးလေး ခွေးဆွဲခံလိုက်ရပါတယ်။ သို့ဖြစ်ပါ၍ သူတို့ ၂ ဦးနဲ့ အဆက်သွယ်ရှိတဲ့သူများရှိပါက လုံးဝအဆက်သွယ်မလုပ်ပါရန် သတိပေးအပ်ပါတယ်”လို့ ပြောပါတယ်။
YUPA ရဲဘော်တွေလည်း အရေးပေါ်နေရာ ရွှေ့ပြောင်းနေရပြီး ရွှေ့ပြောင်းစရိတ်တွေလည်း လိုအပ်နေတာကြောင့် ရဲဘော်တွေရဲ့ ရွှေ့ပြောင်းစရိတ်တွေ အရမ်းလိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတာကို မလိုလားတဲ့ လူငယ်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတာ YUPA ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့အနေနဲ့ ရန်ကုန်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


