
တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တနင်္သာရီ-မောတောင်လမ်းပိုင်းက သိန်ခွန်းရွာအနီးတဝိုက်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်သလို စစ်တပ်က အင်အားတွေပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
မောတောင်မြို့ကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ တော်လှန်ရေးပူပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ပြီး နောက်တနေ့မှာ မောတောင်မြို့သွားတဲ့လမ်းပိုင်းက သိန်ခွန်းနဲ့သဲဖြူရွာကြားမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေရာဝန်းကျင်ကို မနက် ၈ နာရီလောက်မှာ စစ်တပ်က Y-12 လေယာဉ်နဲ့ ရဟတ်ယာဉ် ၂ စင်း၊ ဂျက်ဖိုက်တာ ၁ စင်း၊ မွန်းလွဲ ၁ နာရီခွဲလောက်မှာ Y-12 ၁ စင်း၊ ရဟတ်ယာဉ် ၃ စင်း၊ ညနေပိုင်း ၄ နာရီလောက်မှာ ဂျက်ဖိုက်တာ ၁ စင်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“Y-12 က ၁ ကြိမ်၊ ရဟတ်ယာဉ် ၂ ကြိမ်တက်တယ်။ သိန်ခွန်းကျော်တာနဲ့ Y-12 က ဗုံးတွေလိုက်ချပေးတယ်။ ရဟတ်ယာဉ်က နောက်ကလိုက်တယ်။ Y-12 က ဗုံးချပြီး နယ်မြေရှင်းပေးထားတယ်။ တရက်တည်းမှာကို လေယာဉ်၊ ရဟတ်ယာဉ်တွေ ပျံနေတာ ၁၁ ကြိမ်ရှိတယ်။ သိန်ခွန်းအရှေ့ဘက်ကို ဗုံးတွေ ကြဲနေတယ်”
အဲဒီနေ့က တိုက်ပွဲဖြစ်နေတဲ့ သိန်ခွန်းရွာအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ပြီး သိန်ခွန်းရွာနဲ့ ၁၁ မိုင် လောက်ဝေးတဲ့ သဲဖြူရွာနားမှာလည်း ရဟတ်ယာဉ် ၃ စင်းနဲ့ စစ်သားတွေပို့ပေးခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ သိန်ခွန်းရွာတဝိုက်မှာ အင်အားရာချီသုံးပြီး နယ်မြေတိုးချဲ့ဖို့ ကြိုးစားနေတာကြောင့် ဒီကနေ့ မနက်ပိုင်းအထိ တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေသလို လေယာဉ်တွေပျံဝဲတာရှိတယ်လို့ သိရပေမဲ့ ဒေသတွင်းတပ်ဖွဲ့တွေနဲ့တော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
အဆိုပါပြည်ထောင်စုလမ်းမကြီးပေါ်က သိန်ခွန်းကျေးရွာအုပ်စုမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ကစလို့ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လို့ သိန်ခွန်း၊ သဲဖြူ၊ချောင်း၊ နှစ်ပေါက် စတဲ့ကျေးရွာတွေက ပြည်သူတွေထောင်ချီပြီး စစ်ရှောင်နေကြရတယ်လို့လည်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။


