
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အောက်တိုဘာလကစလို့ စစ်ကောင်စီတပ်က ဖုန်းလိုင်းတွေ ဖြတ်တောက် စစ်ကြောင်းထိုးနေသလို ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်နေပြီး တိုက်ပွဲတွေလည်း ဖြစ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ပုလဲအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပုလဲအနောက်ခြမ်းကို စစ်ကြောင်းထိုးနေတာ ပြီးခဲ့တဲ့လရဲ့ တတိယပတ်ကတည်းကပဲ။ တိုက်ပွဲဖြစ်ပွားခဲ့တာတွေလည်း ရှိသလို အခုချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေတဲ့နေရာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယပတ်ကစတင်ပြီး ပုလဲမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ပျူစောထီးရွာတွေက ပျူစောထီးတွေနဲ့ ပူးပေါင်းစစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ပုလဲမြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “အင်မထီးနဲ့ ဇီးဖြူကုန်း ပျူစောထီးရွာက ပျူတွေနဲ့ပေါင်းပြီး စစ်ကြောင်းထိုးနေတာ ၁ လလောက်ရှိပြီ။ သူတို့ စစ်ကြောင်းစထိုးတဲ့အချိန်ကစပြီး ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်။ စစ်ကြောင်းတွေက အခုထိလည်း ရှိနေသေးတယ်။ ရန်သူအင်အားကတော့ ၁၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့ အခြေအနေကတော့ ရန်သူစစ်ကြောင်းထွက်သွားလို့ တိုက်ပွဲတွေ ပြီးရင်တော့ သတင်းထုတ်ပြန်ပေးမှာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းမှာပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်ပုကန်၊ အင်ကြင်းစု နဲ့ လှော်ကားကြီးကျေးရွာတို့ကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ သယ်ဆောင်ခဲ့ကြသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကြောင်းဟာ နိုဝင်ဘာ ၁၅ ရက်နေ့အထိ အင်မထီးပျူစောထီးကျေးရွာမှာ ဝင်ရောက်တပ်စွဲနေပြီး စစ်ရေးအခြေအနေတင်းမာနေသလို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ သတိနဲ့သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က တိုက်တွန်းထားပါတယ်။


