
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီတပ်က တလအတွင်း မီးရှို့ဖျက်ဆီးခဲ့ပြီး လဝက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၆၀ နီးပါး ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက “စစ်တပ်ဘက်ကနေ ကျနော်တို့ ဝက်လက်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေပြီးတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကနေ အခု ၁၃ ရက်နေ့ မနက်ပိုင်းအထိ ၁ လအတွင်း ကျေးရွာ ၁၂ ကို မီးရှို့ဖျက်ဆီးလို့ ပြည်သူပိုင်နေအိမ် အလုံးရေ ရာချီပြီး မီးလောင်ပျက်စီးခဲ့တယ်။ ပြည်သူပိုင်ပစ္စည်းတွေ ခိုးပြီးသယ်သွားကြတာတွေလည်း ရှိတယ်ဗျ။ စစ်ကြောင်းတွေက အခုထိ ရှိနေသေးလို့ အတိအကျပြောဖို့တော့ ခက်ခဲနေသေးတယ်။ စစ်ဘေးရှောင်နေရတဲ့ ရွာတွေကတော့ ရွာ ၂၀ ကျော်ရှိပြီး လူဦးရေ ၂၀,၀၀၀ ဝန်းကျင်ရှိနေပါတယ်” လို့ ပြောပါတယ်။
ရွာတော်ကုန်း၊ တမာကုန်း၊ ထုံးဘို၊ မူးကြီး၊ တံတားဦး၊ လှတော၊ ရွေကျင်၊ ခေါတော၊ စိုင်နိုင်လေး၊ လိန်ပင်၊ မြင်တော်၊ ဦးတည်ကုန်း စတဲ့ ကျေးရွာတွေ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် စိုင်နိုင်လေး၊ စိုင်နိုင်ကြီး၊ သားနား၊ ရေထွက်၊ မောက်ကြိုး၊ ရွှေကျင်၊ လှတော၊ ကျီးကန် (တောင်)၊ ကျီးကန် (မြောက်)၊ ဥယျာဥ်မ၊ ရွာတော်ကုန်း၊ တမာကုန်း၊ တံတာဦး၊ ထုံးဘို၊ အုတ်ဖိုကုန်း၊ လှည်းဦးကြီး၊ တကောင်းဒေါင့်၊ ကံထူး၊ လိန်ပင်၊ ခေါတော၊ သရက်ချို နဲ့ ကျောက်ကုန်းကျေးရွာတွေက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကစပြီး ဝက်လက်မြို့ပေါ်မှာလည်း အင်အားတွေ တိုးမြှင့်ချနေသလို အောက်တိုဘာလလယ်ပိုင်းကစတင်ပြီး ဝက်လက်မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး လေကြောင်းကနေ ဗုံးကြဲနေတာလို့ ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင် က DVB ကို ပြောပါတယ်။
“ဝက်လက်နယ်ထဲကို ရန်သူ့စစ်ကြောင်းတွေက မြို့အနောက်ဘက်ခြမ်းမှာ ၃ ကြောင်းနဲ့ မြို့အရှေ့ဘက်ခြမ်းမှာ ၁ ကြောင်းရှိတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကနေ အောက်တိုဘာလကုန်အထိ အကြိမ်ရေ ၁၆၀ ကျော် ပြုလုပ်သွားတယ်။ အဲဒီ ၁၆၀ ကျော်က ဒီ နိုဝင်ဘာလထဲ မပါသေးဘူးနော်။ သူတို့ဘက်ကတော့ တိုက်ပွဲတွေထဲမှာ အထိနာရင်လည်း စစ်ရေးနဲ့မဆိုင်တဲ့ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ လေကြောင်းကနေ ဗုံးကြဲတယ်။ တိုက်ပွဲမဖြစ်တဲ့နေရာတွေလည်း မီးရှို့တယ်၊ ဗုံးကြဲတယ်။ အခုလောလောဆယ် တိုက်ပွဲတွေအခြေအနေကတော့ ရန်သူ့စစ်ကြောင်းတွေရှိနေသေးတော့ စစ်ရေးတင်းမာနေတဲ့ နေရာတွေရှိသလို ပွဲဖြစ်နေတဲ့နေရာတွေလည်း ရှိနေသေးတယ်။”
စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကိုတော့ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်ထဲကို မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေပါရှိနေလို့ ဝက်လက်မြို့နယ်အတွင်းက ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ သတိရှိရှိ သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


