Home
ရုပ်သံ
ကန့်ဘလူတိုက်ပွဲ၌ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၅၀ ကျော်သေဆုံး၊ ပေါက် ပျူရွာအချို့ကို သိမ်းယူ
DVB
·
November 13, 2025

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်မှာ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းကို ဒေသကာကွယ်ရေး အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း၊ ပေါက်နယ်မှာတော့ ပျူစောထီးရွာတချို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့တာကြောင့် စစ်ရေးတင်းမာနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုးရွာဘက်ကနေ ခင်ဦးမြို့နယ်၊ ရှားတောရွာဘက်ကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီနီးပါး ကြာပြီးနောက် စစ်ကြောင်းမှူး အပါအဝင် စစ်သားအများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ကန့်ဘလူနယ်ထဲမှာ စစ်ကြောင်း ၃ ခုခွဲပြီး စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတုန်းမှာ ယင်းတိုက်ရွာအနီးကို ရောက်လာတဲ့ စစ်ကြောင်းတခုလုံး ပျက်သွားအောင် ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကန့်ဘလူခရိုင် ကာကွယ်ရေးအဖွဲ့မှ စိန်ဗေဒါက “သေတာတော့ ၇၀ လောက်သေတယ်၊ အလောင်းတွေကတော့ ထပ်လို့။ ရေဦးဘက်က တကြောင်း၊ ကန့်ဘလူဘက်က ၂ ကြောင်း၊ ရေဦးဘက်က တပ်မ ၃၃ အကြောင်းကတော့ ပြုတ်သွားပြီ။ ပစ္စည်းကတော့ အလှူပေးသလိုပဲ ရလိုက်တယ်။ စိန်ဗေဒါအဖွဲ့၊ ဗိုလ်ပိုင်ချဲ သူ့အဖွဲ့ပါတယ်၊ ရေဦးက လက်ရုံးတပ်ပါတယ်၊ ခင်ဦးမြို့နယ် ကာကွယ်ရေးအဖွဲ့၊ ကာဘိုးတိုက်နယ် ပကဖ၊ ပလဖ ပါမယ်၊ နမခကနေပြီးမှ ဂျိုင်ရိုကော်ပတာ ၃ စီး တက်လာလို့ အစ်ကိုတို့ ပြန်ဆုတ်ခဲ့တာ၊ အဲဒီမှာ အလောင်းတွေလည်း ဒီအတိုင်းပဲ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် ကန့်ဘလူနယ်တိုက်ပွဲမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ခန့်မှန်းပြောဆိုချက်အရ စစ်သား ၅၀ ကနေ ၇၀ နီးပါး သေဆုံးနိုင်ပြီး အတိအကျကိုတော့ DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်သားတချို့ကိုလည်း အရှင်ဖမ်းမိခဲ့ပြီး ၂၀ ကျော် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ခင်ဦးဒေသခံ အမျိုးသမီးတယောက်က “ဟို အနောက်ကြောင်းကလည်း အရာတော်ရဲ့ရွာထဲ ဝင်နေပြီ။ နောက်က ၂ ကြောင်း ရှိသေးတယ်။ အရှင် ၁၀ ကောင် ဖမ်းမိတယ် ပြောတယ်။ နောက်က ၂ ကြောင်း၊ တကြောင်းက ဝါးရုံကြီးရွာထဲမှာ ရှိသေးတယ်။ ရှားတောရွာ အခုတိုက်ပွဲဖြစ်တဲ့ဟာက ပြန်ဆုတ်သွားပြီ။ ယင်းတိုက်နဲ့ လေးတုတ်နဲ့ ချုပ်စပ်တဲ့ လိုက်ပစ်ရတာတဲ့ သူတို့က ပြေးတာတဲ့” လို့ ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာလကုန်ပိုင်းမှာ ပျူစောထီးကျေးရွာတချို့ကို တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် စစ်ကောင်စီက ပြန်လည်ဖိအားပေး တိုက်ခိုက်တာတွေ ရှိနေပါတယ်။

ပေါက်မြို့နယ်မှာ ပျူစောထီးကျေးရွာ ၂၀ ဝန်းကျင်ရှိနေပြီး စစ်ကောင်စီက အဲဒီကျေးရွာတွေမှာ အထိုင်ချပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဗိုလ်စကားပြောက်ကျားတပ်ဖွဲ့မှ ကိုထွေးညိုက “ပျူရွာများဖြစ်တဲ့ ဝန်ချုံးနဲ့ သစ်ချိုကုန်းကို ကျနော်တို့ ၃၁ ရက်နေ့က အကုန်လုံး သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းနေတဲ့ အချိန်အတောအတွင်းမှာ ဆိပ်ဖြူ ကပစ ၂၂ ကနေ စစ်ကြောင်းအကူလာတယ်၊ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တယ်ပေါ့။ သူတို့ကလည်း ရရင် ရသလောက် ကာမယ်ဆိုတဲ့ သဘောမျိုးနဲ့ စစ်ကြောင်းတွေ ထွက်လာတယ်။ ၁၁ လပိုင်း ၁၁ ရက်နေ့အထိ အောင်ပွဲ တိုက်ပွဲက ထိတွေ့မှု ခဏခဏ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာလကုန်ပိုင်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် စစ်ကိုင်း-မကွေး-မန္တလေး ဒေသတွင်း မြို့နယ်တွေကို အင်အားသုံး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

မြန်မာနိုင်ငံအလယ်ပိုင်း မြို့နယ်အားလုံးကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေအဖြစ် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး လုံခြုံရေးအရ တပြိုင်တည်း ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် နယ်မြေတွေကို အလှည့်ကျ အင်အားသုံး ထိန်းချုပ်တဲ့နည်းကို သုံးပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံ နိုင်ငံရေးသမားတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013