
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်က စတင်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “စစ်တပ်စစ်ကြောင်းက လှတောရွာထဲက အိမ်တွေကို ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့ မနက်ပိုင်းအထိ ၃ ရက်ဆက်တိုက် မီးရှို့နေတာ။ မီးရှို့တဲ့ အခြေအနေကလည်း နေရာတွေခွဲပြီး ရှို့နေကြတာ။ စစ်ကြောင်းရှိနေသေးတော့ မီးလောင်ပျက်စီးတဲ့ အိမ်ခြေအရေအတွက်ဟာ ၁၀၀ ကျော်ရှိလောက်ပြီလို့ ခန့်မှန်းတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေတဲ့ အဆိုပါ လှတောကျေးရွာဟာ လူနေအိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတရွာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက်ကလည်း လှတောကျေးရွာအနီးက ရွှေကျင်ကျေးရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင်က “ရန်သူစစ်ကြောင်းတွေက မြို့အရှေ့ဘက်ခြမ်းမှာ တကြောင်းရှိတယ်။ အနောက်ဘက်ခြမ်းမှာ ၃ ကြောင်းရှိတယ်။ စုစုပေါင်း ရန်သူစစ်ကြောင်း ၄ ကြောင်းမှာ တကြောင်းကို ၁၂၀ လောက်ပါတယ်။ ဝက်လက်နယ် အနောက်ခြမ်းက ရွာတွေ၊ ရွှေဘို-မန္တလေး ကားလမ်းတလျှောက်က ရွာတွေ အားလုံးနီးပါး စစ်ဘေးရှောင်နေကြရတယ်။ သူတို့ဘက်က စစ်ကြောင်းမထိုးခင် ပြီးခဲ့တဲ့လ ဒုတိယပတ်လောက်ကတည်းက ထိတွေ့တိုက်ပွဲတွေ ရှိနေတာ။ အခုထိလည်း တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတုန်းပဲဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး ဝက်လက်မြို့ပေါ်မှာလည်း အင်အားတွေ တိုးမြှင့်ချထားတာတွေ လုပ်ဆောင်နေသလို ဝက်လက်မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွေကြောင့် ရွှေဘိုမြို့နယ်ထဲက ဘုန်းဘွဲ့၊ ဇီးတော၊ တကဏန်း၊ ရွာသစ်၊ နှောပင်၊ စင်ပြေကျေးရွာတွေက ဒေသခံတွေအပြင် ဝက်လက်မြို့နယ်ထဲက စိုင်နိုင်လေး၊ စိုင်နိုင်ကြီး၊ သားနား၊ ရေထွက်၊ မောက်ကြိုး၊ ရွှေကျင်၊ လှတော၊ ကျီးကန် (တောင်)၊ ကျီးကန် (မြောက်)၊ ဥယျာဥ်မ၊ ရွာတော်ကုန်း၊ တမာကုန်း၊ တံတားဦး၊ ထုံးဘို၊ အုတ်ဖိုကုန်း၊ လှည်းဦးကြီး၊ တကောင်းဒေါင့်၊ ကံထူး၊ လိန်ပင်၊ ခေါတော၊ သရက်ချိုနဲ့ ကျောက်ကုန်းကျေးရွာတွေက သောင်းချီတဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်ထဲကို မြေပြင် စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေပါ ရှိနေလို့ ဝက်လက်မြို့နယ်အတွင်းက ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ သတိရှိရှိ သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


