
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ၃ ယောက် သေဆုံးသွားခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ် လူသားစာနာတာဝန်ခံ ကိုရဲသွေးနီက “နွားထိုးကြီးမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ နနွင်းတော်ဘိုးရွာထဲကို စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျပြီး ပေါက်ကွဲခဲ့လို့ ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၃ ယောက် သေဆုံးသွားတယ်။ တယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေဟာ နနွင်းတော်ဘိုးကျေးရွာမှာ နေထိုင်ကြပြီး မိသားစုဝင်တွေဖြစ်ကြတဲ့ အသက် ၆ နှစ်အရွယ် ယောက်ျားလေးတယောက်အပြင် အသက် ၈၀ အရွယ် ဦးငွေရှင်နဲ့ အသက် ၆၀ အရွယ် ဒေါ်ထွေးတင် တို့ဖြစ်ကြကာ အသက် ၅၀ ကျော် အမျိုးသမီးတယောက်ကတော့ ဝမ်းဗိုက် ပေါက်ထွက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြင်းခြံ ခလရ ၁၅ ထဲကနေ ပစ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးလို့ သိရတယ်ဗျ။ အဲဒီရွာနားမှာတော့ တိုက်ပွဲဖြစ်နေတာတော့ မရှိဘူးဗျ။ နွားထိုးကြီးနယ်ထဲမှာ ရန်သူစစ်တပ်ဘက်က စိုးမိုးထားတဲ့ ရွာတွေမှာတော့ စစ်ကြောင်းတွေ ရှိနေတယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ရဲ့ စိုးမိုးနယ်မြေတွေကို ကာရံထားတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်နေတာတော့ မရှိသေးပါဘူး” လို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်းက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေဟာ တော်လှန်ရေး အင်အားကောင်းတဲ့ ဒေသတွေဖြစ်သလို အာဏာသိမ်း စစ်ကောင်စီတပ်ဘက်ကလည်း အဆိုပါ မြို့နယ်တွေအတွင်းက ကျေးရွာတွေကို ပစ်မှတ်ထားပြီး မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အဆက်မပြတ် သတိပေး တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။


