ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ ရွှေမင်းဂံရေတပ်နဲ့ အမှတ် ၁၂ ရဲတပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပေါက်တောမြို့နယ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် အရပ်သား ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲမှာ ရေတပ်က လက်နက်ကြီးတွေနဲ့ ပေါက်တောမြို့နဲ့ ငပြီကျွန်းကျေးရွာတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါက်တောမြို့ သရွဲရွာမှာ လက်နက်ကြီးကျည် ၄ လုံးနဲ့ ငပြီကျွန်းကျေးရွာမှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ပေါက်တောမြို့မှာ ကလေး ၂ ယောက် အပါအဝင် အရပ်သား ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး အလတ်စားနဲ့ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့ ပေါက်တောမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“လက်နက်ကြီးက ပေါက်တောမြို့ ငရွဲရွာ လမ်းခွဆုံမှာ ၄ လုံး ကျရောက်ပေါက်ကွဲခဲ့တာ။ အဲဒီနေရာက လမ်းခွဆုံကျတဲ့နေရာဆိုတော့ စည်ကားတယ်။ အဲဒီမှာ အထိအခိုက် များကြတာ။ ကလေး ၂ ဦး ပါတယ်။ ဒဏ်ရာရတဲ့အထဲမှာ နောက်ထပ် လူကြီး ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်။ အသေအပျောက် မရှိပေမဲ့ ဒဏ်ရာပြင်းထန်တဲ့သူ တချို့လည်း ပါတယ်။ ငပြီကျွန်းကတော့ စစ်ရှောင်နေကြရတာကြောင့် အထိအခိုက်တော့ မရှိကြဘူး။ လက်နက်ကြီးကတော့ စစ်တွေအခြေစိုက် တပ်ရင်းတွေက ပစ်တာ။”
ဒဏ်ရာရရှိသွားသူတွေကတော့ ပေါက်တောမြို့၊ ရပ်ကွက် ၁ က ဦးကျော်လှစိန်၊ ဒေါ်လှကျော့နု၊ သရွဲရွာက အသက် ၂ နှစ်အရွယ် မောင်ရွှေတိုး၊ အသက် ၃ နှစ်အရွယ် ထွန်းမင်းစိုး၊ အသက် ၁၈ နှစ်အရွယ်ကိုကျော်ကျော်လင်းနဲ့ အသက် ၂၃ နှစ်အရွယ် မရွှေဝင်းတို့ ဖြစ်ကြပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသွားသူတွေကို အရေးပေါ် ဆေးကုသမှု ပေးထားရပြီး ကလေးငယ်တွေမှာ ဒဏ်ရာပြင်းထန်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်နေပြီး အရပ်သားနေထိုင်တဲ့ မြို့ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက စစ်တွေနဲ့ ထိစပ်နေတဲ့ မြို့တွေကို တိုက်ခိုက်လာတာ ရှိတယ်။ အထူးသဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ကို တိုက်ခိုက်လာတာ ဖြစ်တယ်။ ပုဏ္ဏားကျွန်းဘက်ကို ဆိုရင် ထိုးစစ်ဆင်မယ့် အရိပ်အယောင်တွေတောင် တွေ့ရတယ်။”
ရှမ်းမြောက်မှာ စစ်တပ်က အပစ်ရပ်ပြီးတာနဲ့ ရခိုင်ပြည်နယ်ကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်လာတာဖြစ်ပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တပြိုင်နက် ပစ်ခတ် တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်မှာ အပစ်အခတ်ရပ်စဲတဲ့ အောက်တိုဘာ ၃၀ ရက်ကစပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား စတဲ့မြို့နယ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးသူ ၂၂ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော်အထိ ရှိခဲ့ပါတယ်။
စစ်ကောင်စီက စစ်ရေးအရ ဖိအားပေး တိုက်ခိုက်လာတဲ့အတွက်လည်း ပြည်သူတွေကို စစ်ရေးသတိ အပြည့်ရှိကြဖို့နဲ့ တုံ့ပြန်သွားမယ်လို့လည်း အာရက္ခတပ်တော် (AA) ဘက်က ထုတ်ပြန်ထားပါတယ်။




