Home
မြန်မာသတင်း
စစ်တပ်က နိုင်ငံခြားငွေရရှိရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအသစ်များ လုပ်ဆောင်
DVB
·
November 11, 2025

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကနေ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိနေတဲ့ စစ်တပ်ဟာ ရေနံထုတ်လုပ်မယ့် စီမံကိန်းအသစ်တွေကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ လက်မှတ်ရေးထိုးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ထိုင်းကုမ္ပဏီ PTT, PTTEP နဲ့ Gulf Petroleum Myanmar တို့ဟာ Total, Chevron, Petronas တို့ မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက် စီမံကိန်းတွေကနေ ထွက်သွားပြီးနောက် ရှယ်ယာတွေကို MOGE နဲ့ ခွဲဝေယူကာ စစ်တပ်ကို ဆက်လက်ထောက်ပံ့နေတယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ Blood Money camping က ထုတ်ပြန် ပြောဆိုထားပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ Phoenix က “လက်ရှိမှာတော့ MOGE နဲ့အတူ ရွှေမှာ ပေါ်စကိုရယ်၊ ရတနာနဲ့ ဇောတိကမှာ PTTEP နဲ့ ရဲတံခွန်တို့မှာတော့ Gulf Petroleum Myanmar တို့က လက်တွဲလုပ်ဆောင်နေတာ ရှိတယ်။ သတင်းတွေအရ PTTEP က MOGE နဲ့အတူ ရတနာမှာရော ဇောတိကရော ပိုမိုထုတ်လုပ်နိုင်ဖို့ လုပ်သလို ပြည်တွင်းလျှပ်စစ်အတွက်ဆိုပြီး အောင်သိင်္ခဆိုပြီး စီမံကိန်းအသစ်တွေကို လက်မှတ်ထိုးတာတွေလည်း တွေ့ရတယ်။ Gulf Petroleum Myanmar ကလည်း မင်းရဲသူ ဆိုတဲ့ စီမံကိန်းအသစ်တခုကို လက်မှတ်ထိုးတာ တွေ့ရတယ်ပေါ့။ စီမံကိန်းအသစ်တွေကို လက်မှတ်ရေးထိုးလိုက်ကတည်းက ဝင်ငွေက စရပြီးတော့ လုပ်ငန်းလည်ပတ်ပြီဆို ဝင်ငွေက ပိုရစေတာဖြစ်တယ်။ ဒါကြောင့်လည်း စစ်အုပ်စုက လိုအပ်နေတဲ့ စစ်လက်နက်ဖိုးတွေ၊ လေယာဉ်ဆီဖိုးတွေအတွက် စီမံကိန်းအသစ်တွေမှာ လက်မှတ်ထိုးနိုင်ဖို့ အသည်းအသန် လုပ်ဆောင်နေတာ ဖြစ်တယ်။ နောက်တခုကတော့ ဒီလက်မှတ်ထိုးတာတွေက စစ်အုပ်စုကို တရားဝင်မှု ပေးနေတာတွေလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

MOGE က ၂၀၂၃ နှစ်ကုန်ပိုင်းမှာ လစဉ် တလကို အမေရိကန်ဒေါ်လာ ၅၅ သန်းကို ထိုင်းဘတ်ငွေနဲ့ ရရှိနေတာဖြစ်လို့ တနှစ်ဝန်းကျင်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကနေ ၂ ဒသမ ၂ ဘီလီယံလောက် ရရှိနေတာလို့ သွေးစွန်းငွေအဖွဲ့က သိရပါတယ်။

ဒါဟာ နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်နဲ့ ၈၀ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

MOGE နဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်နေတဲ့ ရေနံကုမ္ပဏီတွေဟာ ဗြိတိသျှ ပင်လယ်ရပ်ခြားပိုင် နယ်မြေတွေဖြစ်တဲ့ ဘာမြူဒါနဲ့ ကေမန်ကျွန်းစုတွေမှာပါ ရင်းနှီးမြှုပ်နှံ လည်ပတ်နေတာဖြစ်လို့ ဘာမြူဒါနဲ့ ကေမန်ကျွန်းစု အာဏာပိုင်တွေဆီ ဥပဒေရေးရာ တိုင်ကြားချက်တွေကို Justice For Myanmar က ပေးပို့ထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

Justice for Myanmar အဖွဲ့မှ မရတနာမောင်က “ဗြိတိသျှ ပင်လယ်ရပ်ခြားပိုင် နယ်မြေတွေမှာ မြန်မာစစ်အုပ်စု ဆက်နွှယ်ကုမ္ပဏီတွေ ဆက်လက်လည်ပတ်‌နေတာဟာ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ အရေးယူ ဆောင်ရွက်မှုတွေ ကြန့်ကြာတာကြောင့် အသက်တွေ ဆုံးရှုံးနေရပါတယ်။ ဒီကုမ္ပဏီတွေဟာ ကလေးသူငယ်တွေကို သတ်ဖြတ်တာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်တာတွေကို အပြစ်ပေး အရေးယူခံရမှု ကင်းလွတ်စွာနဲ့ လုပ်ဆောင်နေတဲ့ တရားမဝင် စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုချက်ချင်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီကုမ္ပဏီတွေကို အပြည့်အဝ စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး တရားမဝင် စစ်အုပ်စုကို မိမိတို့နယ်မြေများအတွင်း စီးပွားရေး လုပ်ဆောင်နေတာတွေကို ရပ်တန့်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

MOGE ကို ဥရောပသမဂ္ဂ (EU) အနေနဲ့ ၂၀၂၂ ခု ဖေဖော်ဝါရီလမှာ ပိတ်ဆို့အရေးယူခဲ့သလို ၂၀၂၃ အောက်တိုဘာမှာတော့ နိုင်ငံခြားငွေ အသုံးပြုမှုတွေကို အမေရိကန်က ထပ်မံ ပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။

အခုနောက်ဆုံး ၂၀၂၅ မတ်လထဲမှာ ဆွစ်ဇာလန်အနေနဲ့ EU ရဲ့ ဒဏ်ခတ်မှုတွေကို လိုက်နာသောအားဖြင့်  MOGE အပေါ်မှာ  ပိတ်ဆို့ဒဏ်ခတ်မှုတွေ စတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကမ်းလွန်လုပ်ကွက်ပေါင်း ၅၁ ကွက်ရှိပြီး လက်ရှိမှာ ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ စီမံကိန်း ၄ ခုကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ယူနေကာ ကျန် ၃ ခုဖြစ်တဲ့ အောင်သိင်္ခ၊ ပြည်သာယာနဲ့ မင်းရဲသူ စတာတွေကလည်း MOGE နဲ့ ထုတ်လုပ်မှုအပေါ် ခွဲဝေရေး သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013