Home
မြန်မာသတင်း
ဒီပဲယင်းကို စစ်တပ်က ပေါင် ၅၀၀ ဗုံးများကြဲချ၊ အရပ်သား ၁၅ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
November 10, 2025
Bomb3_10112025
Bomb2_10112025
Bomb1_10112025

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ဆပ်ပြာကျင်းရွာကို ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဒီပဲယင်းမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဆပ်ပြာကျင်းကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ညနေ ၃း ၂၀၊ ၃း၄၀ နဲ့ ၆ နာရီ တို့မှာ ၅ ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ်အများအပြားလည်း မီးလောင်သွားတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “သေဆုံးသူတော့ မရှိသေးဘူး။ ပြင်းထန်စိုးရိမ်ရတော့ ရှိပါတယ်။ ကျား၊ မ ခွဲတာတွေ အရေအတွက်တွေ မပြောနိုင်သေးပါဘူး” လို့ DVB ကို ပြောပါတယ်။

ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ် ၆ လုံးပျက်စီးပြီး အရပ်သား ၁၅ ယောက်ဝန်းကျင် ဒဏ်ရာရသလို ညနေ ၆ နာရီဝန်းကျင်မှာ လေကြောင်းကနေ ထပ်ပြီးဗုံးကြဲတာကြောင့် နေအိမ်တွေ မီးလောင်နေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ညနေပိုင်း လေယာဥ်က ထပ်လာသေးတယ်။ အဲဒီအချိန် ဒဏ်ရာရသူတွေကို ဆေးခန်းတွေ ပို့နေကြတာ။ အတိအကျတော့ မသိရသေးဘူး။ ထိတဲ့သူတော့များတယ်။ ပေါင် ၅၀၀ လေးလုံးချတာ၊ မီးတွေလည်း လောင်ပါတယ်။ အသေအပျောက်နည်းပါစေ ဆုတောင်းရမှာပါ” လို့ပြောပါတယ်။

ညနေ ၆ နာရီ ၅ ကြိမ်မြောက် တိုက်ခိုက်မှုမှာ ပေါင် ၅၀၀ ဗုံး လေးလုံး ဆက်တိုက်ကြဲချသွားတာဖြစ်ပြီး နေအိမ်အချို့ မီးလောင်နေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013