
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ လှုပ်ရှားစိုးမိုးရာ နယ်မြေတွေဖြစ်တဲ့ မတ္တရာ၊ စဥ့်ကူး နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်တပ်က အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ မတ္တရာ၊ စဥ့်ကူး နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတယ်လို့ ဆိုပါတယ်။
စစ်တပ်က ရွေးကောက်ပွဲမတိုင်ခင် အင်အားများစွာ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ် စိုးမိုးနယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်တပ်ရဲ့ ထိုးစစ်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက် ခုခံကာကွယ်သွားမှာဖြစ်ပြီး တော်လှန်ရေးကြီးရဲ့ အဆုံးသတ်ပန်းတိုင်ကို ရောက်တဲ့အထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေသတွင်းနေ ပြည်သူလူထုအနေနဲ့ တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး ကြိုတင်ပြင်ဆင်ကြဖို့နဲ့ ဘေးအန္တရာယ်ကင်းနိုင်ဖို့အတွက် လိုအပ်တာတွေကိုပါ လုပ်ဆောင်ထားကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
စစ်တပ်က “တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ” ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာ အဓမ္မပြုလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကေခိုင်


