
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၉ ရက် မနက် ၉ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “တိုက်ပွဲက ခဏလေး ကြားလိုက်ရတာ။ ကြာချိန် ခန့်မှန်း ၁၀ မိနစ်လောက်ပဲ ဖြစ်လိမ့်မယ်ဗျ။ စစ်သား သေတယ်လို့တော့ ကြားရတယ်။ တိုက်ပွဲဖြစ်တာတော့ သေချာတယ်။ အဲဒီမြို့တောင်ဘက် အထွက်ဂိတ်နဲ့ ကျနော်တို့ရွာက တမိုင်သာသာပဲ ဝေးတာဆိုတော့ ပစ်ခတ်တဲ့အသံက အတိုင်းသားကြားရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တန့်ဆည်မြို့ တောင်ဘက်အထွက် ရွေကတော်၊ ကျွဲဇွဲ၊ ကုန်းသာ ဘုန်းကြီးကျောင်းနဲ့ အနီးဝန်းကျင်က စက်သုံးဆီဆိုင် တိုက်တွေပေါ်မှာ လုံခြုံရေးကင်း ယူထားတယ်လို့ သိရပါတယ်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “သူတို့ လုံခြုံရေးယူထားတဲ့ နေရာကနေ ရှေ့ကိုတိုးပြီး တပ်စိတ်တစိတ် ကင်းပုန်းဝပ်ဖို့ တောင်ဘက်ထွက်အလာကို ဒီဘက်က ကင်းပုန်းနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ကြတာ။ စ(-) ဘက်က တဦး ကျတယ်။ အလောင်းကို သူတို့ ဆွဲယူ ပြေးသွားတယ်။ ကျနော်တို့ဘက်က စနိုက်ပါ တလက် ရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ပွင့်လင်းရာသီ ရောက်ရှိလာပြီး တောင်သူတွေ ကောက်ပဲသီးနှံအများစု ရိတ်သိမ်းရမယ့်အချိန်ကို ရောက်ရှိလာတာကြောင့် စစ်တပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲ ဖြစ်ပွားလာမှာကို ဒေသတွင်းက တောင်သူတွေ စိုးရိမ်နေကြပါတယ်။


