
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ နာရီပိုင်းဖြစ်တာမျိုး ရှိနေပေမယ့် နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့မှာတော့ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။
မြေပြင်ရဲဘော်တယောက်က “မနေ့(နိုဝင်ဘာ ၇ ရက်)ကလည်း ထိတွေ့မှုရှိတယ်။ မနေ့ကနဲ့ ဒီနေ့တော့ ပြင်းထန်တာပေါ့နော်။ လေယာဉ်လည်းကြဲတယ်” လို့ ပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက် အထိအခိုက် အကျအဆုံးရှိနေပေမယ့် အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ၂၀၂၅ နှစ်ဝက်လောက်မှာ မိုးဗြဲမြို့ကို ပင်လောင်း-ဖယ်ခုံကနေတဆင့် စစ်ကြောင်းထိုးပြီး မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို အနီးအနားတဝိုက်က ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးတဲ့အတွက် ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်က စစ်ကြောင်းမထိုးခင်အချိန်မှာလည်း ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေလုပ်နေပြီး တိုက်ပွဲပြင်းထန်ချိန်မှာတော့ လေကြောင်းကနေလည်း ဗုံးလာကြဲတယ်လို့ သိရပါတယ်။


