
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကူတောပလ္လင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၇ ရက် ညနေ ၆ နာရီလောက်က ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ စစ်တပ်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၄ ယောက်ကို ပစ်ခတ်ခဲ့လို့ ၃ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “Special Force အဖွဲ့ထဲက ကလေးတွေပေါ့။ သူတို့ မုံရွာ-မန္တလေးကားလမ်းကို ဖြတ်အကူးမှာ စစ်တပ်ရဲ့ ပစ်ခတ်တာခံလိုက်ရတာ။ ၃ ယောက်သေဆုံးပြီး တယောက်ပျောက်ဆုံးနေသေးတယ်”လို့ ပြောပါတယ်။
မုံရွာ-မန္တလေးကားလမ်းမကို စစ်တပ်က စစ်ဆေးရေးဂိတ် အများအပြားချပြီး စစ်ဆေးနေသလို အိမ်စီးကား၊ လိုင်းကား၊ ကုန်ကားတွေပေါ်ကနေ အရပ်ဝတ်တွေ ဝတ်ဆင်လိုက်ပါပြီး အခုလိုမျိုး ပစ်ခတ်မှုတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
အခုလို ပစ်ခတ်ခံရမှုကြောင့် ၃ ယောက် နေရာတင်ပွဲချင်းပြီး သေဆုံးပြီး တယောက်ကနေ ပျောက်ဆုံးနေတယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“ရွာရဲ့ သံဖြူဆိုင်အနီးကို ပစ်ခံရတာ။ ဆိုင်ကယ် ၂ စီး၊ လူ ၄ ယောက်စီးလာတာကို မုံရွာ-မန္တလေးသွား ခရီးသည်ကားပေါ်မှာလိုက်ပါလာတဲ့ စစ်သားတွေက ပစ်သွားတာ။ ၃ ယောက်က တော့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်။ သေဆုံးတဲ့ ကလေးတွေက အသက် ၂၀ ကျော်ဝန်းကျင် ကလေးတွေဗျ။ တယောက်ကတော့ ထွက်ပြေးသွားပြီး လွတ်သွားတာ။ အခုသေဆုံးသူတွေက PDF တွေလား၊ အရပ်သားတွေလားဆိုတာကတော့ အတည်မပြုနိုင်ဘူး။ သေဆုံးသူတွေက ခရီးသွားဧည့်သည်တွေပါ” လို့ ပြောပါတယ်။
စစ်တပ်က အခုလိုပစ်ခတ်ပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်သွားတာကြောင့် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက နိုဝင်ဘာ ၈ ရက်မနက်ခင်းမှာ သွားရောက် အလောင်းကောက်ခဲ့တယ်လို့ သိရပါတယ်။


