
ကလေးမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ချင်းပြည်နယ်ကို နှစ်ဘက်ညှပ်ပြီး ထိုးစစ်ပြန်ဆင်လာနေလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ အခြေစိုက်ထားတဲ့ စစ်တပ်က မြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းကနေ အင်အားအလုံးအရင်းသုံးပြီး ချင်းပြည်နယ်ကို ဦးတည်ကာ ထိုးစစ်ပြန်ဆင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေ နဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။
တောင်ပိုင်းက စစ်ကြောင်းက ကလေး- ဂန့်ဂေါ လမ်းဘက်ကနေ ချင်းပြည်နယ် ဖလမ်းမြို့ဘက် ဦးတည်ပြီး စစ်ကြောင်းထိုးနေသလို မြောက်ပိုင်းက စစ်ကြောင်းကလည်း ကလေး-တီးတိန်လမ်းအတိုင်း ထိုးစစ်ဆင်နေတာပါ။
လက်ရှိထိုးစစ်ကြောင့် ကလေးတောင်ပိုင်း နဲ့ မြောက်ပိုင်းက ရွာပေါင်း ၅၀ ကျော် စစ်ရှောင်ဦးရေ ၇၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေက DVB ကို ပြောပါတယ်။
“တောင်ဘက်အခြမ်းကို မြောက်ဘက်အခြမ်းကော ပြေးနေရတယ် အကိုရေ။ အခုလက်ရှိ စစ်ကောင်စီရဲ့ စစ်ကြောင်းအနေအထေားကြောင့် အခုဆို ကလေးတောင်ပိုင်းမှာဆိုရင် ဂျက်ဖိုက်တာ ၂ ကြိမ်ကြဲသွားတယ်။ အခုစကားပြောနေတဲ့အချိန်နဲ့ မိနစ်ပိုင်းပဲ ကွာမှာပေါ့ဗျာ။ ကျနော်တို့ ဒီကလေးတောင်ပိုင်းမှာဆိုရင် ရွာပေါင်း ၃၀ ပေါ့။ မြောက်ပိုင်းမှာဆိုရင် ရွာပေါင်း ၂၀ လောက် အခုလက်ရှိ ရှောင်နေရတယ်။ ကလေးတနယ်လုံးဆိုရင် ရွာပေါင်း ၅၀ လောက်ရှိမှာပေါ့ဗျာ။ စကစ ဘက်က ချဥ်းကပ်တဲ့ပုံစံက ဒီအောက်တိုဘာလဆန်းလောက်မှာ သူတို့ အင်အားအလုံးအရင်းနဲ့ သုံးတယ်။ ဩဂုတ်လမှာစထိုးတယ်။ အင်အားအလုံးအရင်းနဲ့ သုံးတဲ့အချိန်မှာ ဒီစစ်ရှောင်ဦးရေက သိသိသာသာကြီးတိုးလာတယ်။”
လက်ရှိထိုးလာတဲ့ ထိုးစစ်ဟာ စီးပွားရေးအရအရေးပါတဲ့ မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာ ဖြစ်နိုင်သလို စစ်ရှုံးထားတဲ့ ချင်းပြည်နယ်ကို ဝင်ပေါက်ဖြစ်တဲ့ ကလေး-တမူး ကားလမ်းပိုင်းကို ပြန်ရနိုင်ဖို့ စစ်တပ် ဘက်က အင်အားအလွန်အကျွံသုံးပြီး ထိုးလာတာလို့ တော်လှန်ရေးတပ်တွေက သုံးသပ်ပါတယ်။
ကလေးမြို့ တောင်ဘက်ကနေ ကလေး - ဂန့်ဂေါ်လမ်းမကြီးကနေ ဝင်လာတဲ့စစ်ကြောင်းဟာ ကလေး - နတ်ချောင်း - နတ်မြောင်း -ချောင်းခွ - ရေစို - ဝေဘူလမြို့ကို ဖြတ်ကာ ဖလမ်းမြို့ကို ဦးတည်နေပြီး လမ်းတလျှောက်ကရွာတွေဟာ မီးရှို့ဖျက်ဆီးခံထားရပါတယ်။
ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရဆိုရင် ထောက်ကြန့်၊ ကြာအင်း၊ နတ်မြောင်း၊ နတ်ချောင်း၊ ကျွန်းချောင်း၊ ချောင်းခွ၊ ဟားခါးလေး ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံ ၁၀ ယောက် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
အဲဒီလိုပဲ ကလေးမြောက်ပိုင်းကို ထိုးဖောက်လာတဲ့ စစ်ကြောင်းကလည်း လက်ရှိမှာ ကလေး တီးတိန်လမ်းကနေ ချင်းတောင်ပေါ်ကို တိုးနေတယ်လို့ DVB စစ်ရေးရင်းမြစ်က ပြောပါတယ်။
“ကလေးမြို့တောင်နဲ့မြောက်မှာ အလယ်ကနေမြောက်ကို အရင်တိုးပြီး အထိုင်အင်အားချတာ။ ပြီးတော့ ချင်းဘက်ကိုတိုးနေတယ်။ အင်အားကတော့ ကလေးမြောက်မှာ တထောင်လောက်နဲ့ တောင်က်မှာက တထောင်အောက်ရှိတယ်။”
အဲဒီ စစ်ကြောင်းတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေထဲ စစ်ရှောင်နေကြရတဲ့ အခြေအနေတွေမှာ ရာသီဥတုအကူးအပြောင်းနဲ့ မုန်တိုင်းမိုးတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေဟာ အစုံလိုက် အပြုံလိုက်ဖျားနားနေကြတဲ့ ဒဏ်ကိုခံစားနေရတယ်လို့လည်း စစ်ရှောင်တွေက ပြောပါတယ်။
တိုက်ပွဲတွေနဲ့ လေကြောင်းရန်တွေကြောင့် နီးစပ်ရာဆေးရုံဆေခန်းကို သွားဖို့ အခက်အခဲတွေရှိနေပြီး အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အမိုးအကာ၊ စောင်အနွေးထည်နဲ့ စားနပ်ရိက္ခာပိုင်းတွေအတွက်လည်း ပြတ်လပ်နေကြလို့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။ မောရစ်


