
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ရှမ်းထူးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၆ ရက် ညနေခင်း ၅ နာရီ ခွဲလောက်ကစတင်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားပြည်သူတယောက် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်က ချောင်းဦးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။
ရှမ်းထူးရွာသားတယောက်က “ကျနော်တို့ရွာရဲ့ ဘုန်းကြီးကျောင်း တောင်ဘက်တလုံး၊ မြောက်ဘက်တလုံးကျတာဗျ။ ဘုန်းကြီးကျောင်း တောင်ဘက်ကျတဲ့ အလုံးက ဦးကျော်လွင် အသက် ၅၀ ကျော် ပေါင်ကျည်စ ဖောက်ထွက်ဒဏ်ရာရခဲ့ရတယ်ဗျ။ ပစ်တာက ၄ လုံးပစ်သံ ကြားရတယ်။ ကျနော်တို့ရွာအပြင် ညောင်ပင်တဲရွာဘက်ကို ၂ လုံးကျတယ်လို့ ကြားတယ်ဗျ။ ထိခိုက်တာမရှိဘူးလို့လည်း သိထားရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသူကိုတော့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ ပို့ဆောင်ဖို့ ခေါ်ဆောင်သွားပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “မဆိုင်တဲ့ ပြည်သူတွေကို အခုလို သူတို့ဘက်က လုပ်နေဦးမယ်ဆိုရင်တော့ ကျနော်တို့စိုးမိုးနယ်မြေဘက်မှာကလည်း စစ်တပ်နဲ့ သက်ဆိုင်တဲ့ မိဘဆွေမျိုးသားချင်းတွေလည်း ရှိသေးတယ်ဆိုတာသတိပြု စေချင်ပါတယ်။ ကျနော် တို့ဘက်က စစ်တပ်လို ယုတ်မာမယ်ဆိုရင် စစ်သားတွေရဲ့ မိဘဆွေမျိုးသားချင်းတွေ နေစရာတောင် ရှိမှာမဟုတ်ဘူး။ ကျနော်တို့ ပြောချင်တာက စစ်ကို စစ်နဲ့တူအောင် တိုက်စေချင်ပါတယ်။ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူတွေ အကြောင်းမဲ့ သေဆုံးထိခိုက်နေတာကို မြင်ရတော့ စိတ်မကောင်းဖြစ်ရတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂ ရက်ကလည်း ချောင်းဦးမြို့ပေါ်က နေအခုလို လက်နက်ကြီးနဲ့ ၅ လုံး တင်ရွာဘက်ကို ပစ်ခတ်လို့ အမျိုးသမီးငယ် ၂ ယောက် သေဆုံးခဲ့ရပြီး နောက်ထ ပ်အသက် ၁၃ နှစ် အရွယ် အမျိုးသမီးငယ်တယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။
ရှမ်းထူးကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး ညောင်ပင်တဲရွာကတော့ အိမ်ခြေ ၇၀ ကျော်ရှိတဲ့ ပြည်ထဲရေးအမည်မပေါက်သေးတဲ့ ကျေးရွာဖြစ်ပါတယ်။


