Home
မြန်မာသတင်း
စစ်တပ်နှင့် အပေါင်းပါများအပေါ် လူမှုရေးပြစ်ဒဏ်က လူထုလှုပ်ရှားမှုအထိ ဖြစ်ရန်လိုအပ်
DVB
·
November 5, 2025

တော်လှန်လူထုကြားထဲမှာ ပြန်လည်အားကောင်းလာတဲ့ စစ်တပ်နဲ့အပေါင်းပါတွေအပေါ် လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တိုက်တွန်းနှိုးဆော်ချက်တွေက တော်လှန်ရေးကာလမှာ မဖြစ်မနေ ရှိဖို့လိုအပ်ပြီး လူထုလှုပ်ရှားမှု လှိုင်းလုံးတွေအထိ ဖြစ်လာဖို့ ဆက်လက်လုပ်နေမှာဖြစ်ကြောင်း အရပ်ဘက်အဖွဲ့တွေနဲ့ ပြည်သူတွေက တိုက်တွန်း ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အစကာလတွေကတည်းက တိုက်တွန်းနှိုးဆော်ခဲ့ကြတဲ့ လူမှုရေးပြစ်ဒဏ်ခတ်ရေး တိုက်တွန်းနှိုးဆော်ချက်တွေဟာ မကြာသေးခင်အချိန်မှာပဲ တော်လှန်လူထုနဲ့ ပြည်သူတွေကြားမှာ ပြန်လည်အားကောင်းလာပါတယ်။

လတ်တလောမှာဆိုရင်လည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေ အကုန်လုံးကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ တိုက်တွန်း နှိုးဆော်နေရာက စလို့ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်သူတွေ၊ စစ်တပ်နဲ့ ဆက်စပ်ကုန်စ္စည်းတွေကိုပါ မပတ်သက်ဖို့၊ မသုံးစွဲဖို့ လူထုတွေကြား အချင်းချင်း တိုက်တွန်းနေကြပါတယ်။

လေးနှစ်ကျော် ငါးနှစ်တာကာလမှာ အောင်မြင်လိုက်၊ ရပ်တန့်သွားလိုက် ဖြစ်နေတဲ့ လူမှုရေးပြစ်ဒဏ် ကိစ္စတွေဟာ ဆက်တိုက်ပြုလုပ်နေရမှာဖြစ်ပြီး လူထုအားလုံးပါဝင်တဲ့ လှုပ်ရှားမှုတခု ဖြစ်တဲ့အထိ တိုက်တွန်းနိုင်မှ အောင်မြင်မှာဖြစ်ကြောင်း စစ်တပ်ထောက်ခံသူတွေကို ဆန့်ကျင် boycott လုပ်ကြဖို့ နှိုးဆော်နေတဲ့ Fncc Burma Fact Check Community ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီလူတွေအကုန်လုံးဟာ တိုက်ရိုက် စစ်တပ်ကို အကျိုးရှိစေသလို တဖက်မှာလည်း လူထုရဲ့မေတ္တာကို တဖက်လှည့်နည်းနဲ့ အသုံးချပြီးတော့ လူ‌တွေရဲ့အတွေးထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ အတွေးတွေ၊ အမှန်တရားကို မမြင်တော့တဲ့ ထင်မြင်ယူဆချက်တွေ ဝင်လာအောင် စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးကို တနည်းတဖုံ အထောက်အကူပြုနေတဲ့အတွက်ကို ဒီ Boycott နဲ့ social punishment ကို အဓိက တွန်းနေတာပါ။ စစ်တပ်အောက်မှာရှိနေတဲ့ အနုပညာရှင်တွေ အကုန်လုံးက Boycott ကို ကြောက်သလားဆို ကြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ  ရှိနေတဲ့ အောင်မြင်မှု၊ သူတို့မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးက ပရိသတ်အားပေးလို့ ရလာတာပါ။ ဒီပရိသတ်က အမှန်တရားကို အမှန်တိုင်းမြင်ပြီး အမှန်ဘက်က ရပ်လာပြီဆိုရင် သူတို့အတွက် နေရာမရှိပါဘူး။ လူတွေကြားထဲမှာ ဒီအသိပညာသာ ပျံ့နှံ့သွားပြီဆိုရင် ဒီပြည်သူတွေအကုန်လုံးက အဲဒီလူတွေကို ဆန့်ကျင်တော့မှာ။ ဆန့်ကျင်မယ့်အားသည် နည်းနည်းကနေ များလာရင် လူထုလှုပ်ရှားမှုလှိုင်းလုံးတခု ဖြစ်လာနိုင်ပါတယ်။ ဒီအထိ တွန်းနိုင်တယ်ဆိုရင်တော့ ကျနော်တို့ အောင်မြင်မှာပါ။”

Boycott ဆိုတာကတော့ စစ်တပ်ထုတ်ကုန်တွေ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ အမှတ်တံဆိပ်တွေကို လုံးဝ ပတ်သက်ဝယ်ယူ အသုံးပြုတာမျိုး မလုပ်တာဖြစ်ပြီး Social Punishment ကတော့ စစ်တပ်ထောက်ခံသူ လူပုဂ္ဂိုလ်တွေကို လူ့အသိုက်အဝန်းကနေ ဖယ်ကြဉ်ဖို့ လူထုကပေးတဲ့ပြစ်ဒဏ် ဖြစ်ပါတယ်။

ဒီလို တော်လှန်ရေးနည်းနာတွေဟာ တော်လှန်ရေးအစ ကာလတွေတည်းက ပါရှိပြီးသား နည်းနာတွေ ဖြစ်ကြောင်း အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားမှုနဲ့ တော်လှန်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့က ပြောပါတယ်။

“Boycott တို့ social punishment တို့ဆိုတာ ဒီနွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာတာမဟုတ်ဘဲ ခေတ်သမိုင်း အဆက်ဆက်မှာတည်းက တည်ရှိခဲ့ပြီးသား နည်းနာတွေပဲ ဖြစ်ပါတယ်။ ရုံးမတက်ဘူး၊ မီတာမဆောင်ဘူး၊ အခွန်မဆောင်ဘူး ဆိုတဲ့ ဘူးသပိတ်လုပ်တဲ့ နည်းနာတွေ Ruby ၊ Andaman Gold  ၊ ဦးပိုင်နဲ့ တပ်ကထုတ်တဲ့ ကုန်ပစ္စည်းတွေ အားမပေးဘူး ဆိုတာတွေက ဘူးသပိတ် တိုက်ပွဲနည်းနာတွေပဲ ဖြစ်ပါတယ်။ ဒီလူက စစ်တပ်ကလူလား၊ စစ်တပ်ကို အားပေးနေတာလား။ စစ်တပ်ကနေထုတ်တဲ့ ထုတ်ကုန်ပစ္စည်းတခုခု၊ ဝန်ဆောင်မှုတခုခု ရှယ်ယာပါတနာအနေနဲ့ ရှိနေတာလား၊ ပေါင်းစပ်လုပ်ကိုင်နေတာလား ဆိုတဲ့ ဒီပေတံနဲ့ အခြေခံအားဖြင့် တိုင်းတာနိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”

ပြည်ပမှာ အထိုက်အလျောက် အောင်မြင်လာတဲ့ Boycott နဲ့ social punishment လှုပ်ရှားမှုမှာ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ကလည်း စစ်တပ်ထုတ်ကုန်တွေ၊ လူမှုရေးပြစ်ဒဏ် ခတ်ခံထားရတဲ့ အနုပညာရှင်တွေကို အသံတိတ်နည်းနဲ့ ပါဝင် Boycott လုပ်ကြဖို့ လိုကြောင်းလည်း တိုက်တွန်းမှုတွေ ရှိနေပါတယ်။

တော်လှန်ရေးကို တဖက်တလှမ်းက အထောက်အပံ့ဖြစ်စေဖို့ ဒီအခြေအနေတွေဟာ ထိထိရောက်ရောက်နဲ့ ဆက်သွားဖို့လိုတယ်လို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။

ပြည်သူတယောက်က “ဘာပဲပြောပြော ဒီ Boycott တို့ social punishment လုပ်ခံလိုက်ရတဲ့ အနုပညာရှင်ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်း တခုခုပဲ ဖြစ်ဖြစ်ပေါ့။ ဒီလိုလူမျိုးတွေ ဒီလိုလုပ်ငန်းတွေဟာ လူထုအားမပေးဘူး၊ လူထုက ဖယ်ကြဉ်ထားတာ ခံရပြီဆိုရင် သူတို့မှာ ဆုံးရှုံးမှုတွေ အများကြီးဖြစ်လာလိမ့်မယ်။ ဖြစ်ကို ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ မရှိဘူး။ ဒါ စိတ်ဓာတ်နဲ့တိုက်တဲ့ တိုက်ပွဲတခုလို့ပဲ ပြောရမှာပေါ့။ လက်နက်တိုက်တဲ့သူကတိုက်၊ စိတ်ဓာတ်နဲ့ တိုက်တဲ့သူကတိုက်။ အဲဒီတော့ Boycott တို့ social punishment တွေဆိုတာ လုပ်ကို လုပ်သင့်တယ်၊ ထိထိရောက်ရောက် လုပ်သင့်တယ်၊ ကောက်ရိုးမီးဖြစ်လို့မရဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်တပ်ကို ထောက်ခံအားပေးတဲ့ အနုပညာရှင်တွေ ပါဝင်တဲ့ ဇာတ်ကားတွေဟာ ပြည်ပနိုင်ငံတွေမှာ ပြသခွင့်ရပေမဲ့ ကြည့်ရှုသူမရှိတာတွေ၊ ဖျော်ဖြေပွဲတွေ ရပ်နားလိုက်တာနဲ့ ပြည်တွင်းက စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူသူမရှိတာ စတာတွေဟာ လူထုအကြား Boycott နဲ့ social punishment ပြန်လည်အားကောင်းလာတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013