
လုံထိန်းတွေဟာ၊ များသံဃာကို
လောင်စာဗုံးများ၊ ပစ်ခတ်ထားခဲ့
ဆယ့်သုံးနှစ် ကြာခဲ့ပြီ။
ပြီးခဲ့တဲ့ ၁၃ နှစ်ကြာကာလ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ တန်ဆောင်မုန်းလပြည့်ညက မုံရွာတဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြတော်မူခဲ့ကြတဲ့ သံဃာတွေကို ဦးသိန်းစိန် ကြံ့/ဖွတ်အစိုးရက မီးလောင်ဗုံးတွေနဲ့ ပစ်ပြီး အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ အခု တုန်ဆောင်မုန်းလပြည့်ညမှာ ၁၃ နှစ် ပြည့်ပါပြီ။ ဒါပေမဲ့ အခု ၁၃ နှစ် ပြည့်ချိန်အထိ တာဝန်ရှိသူတွေကို အရေးယူတာမျိုး မရှိသေးပါဘူး။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်ကတော့ မုံရွာမြို့ ရဲတပ်ဖွဲ့ရုံးက သံဃာတွေကို ဝန်ချတောင်းပန်ပွဲတရပ် မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်းဓမ္မာရုံမှာ ပြုလုပ်ခဲ့ပေမဲ့ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေနဲ့ ဒဏ်ရာရ သံဃာတော်တွေ မပါဝင်ဘဲ တခြား သံဃာ ၁ဝ ပါးသာ တက်ရောက်ခဲ့ပါတယ်။ ဒီထဲမှာ ဦးဝီရသူ လိုမျိုး စစ်တပ်ဘက်က သံဃာတွေ ပါနေခဲ့တာပါ။ ဒါကိုလည်း မကျေနပ်ခဲ့ကြပါဘူး။ ဒီနေ့အထိလည်း ရဟန်းတော်တွေကို မီးသေနတ်နဲ့ပစ်ခဲ့တဲ့ ဘယ်လုံထိန်းကိုမှ အရေးမယူသေးပါဘူး။ ဖေ့စ်ဘုတ်ခ်မှာ ဒီစာကို ရေးနေချိန်မှာတော့ ကွန်းမင့်တခုက အနီးကပ် ဦးဆောင်အမိန့်ပေး ခိုင်းစေသူဟာ ဒုရဲမှူးကြီး သူရတင်ကိုကို လို့ ရေးထားပါတယ်။
အရေးမယူ၊ လျစ်လျူရှုတုန်း
တန်ဆောင်မုန်းလ၊ လပြည့်ညတိုင်း
ရင်တုန်လှိုင်းထ၊ သတိရနေသည်။
(မှတ်ချက်။ ။ မီးလောင်ဗုံးပစ် ဖြစ်ပွားချိန်ဟာ မနက် ၃ နာရီပါ။ ရွှေညဝါ ဆရာတော်ကြီးက မနက် ၅ နာရီခန့် အရုဏ်မတက်ခင်အထိ လပြည့်နေ့လို့သာ သတ်မှတ်ရမယ်လို့ ချင်းမိုင် ဝပ်ဆိုင်းမွန်းမှာ ဟောခဲ့ပါတယ်။) ၂၀၁၂ နိုဝင်ဘာ ၂၉ တန်ဆောင်မုန်းလပြည်နေ့ VOA, DVB နဲ့ သတင်းဌာနစုံရဲ့ ထုတ်လွှင့်ချက်တွေမှာတော့ စစ်ကိုင်းတိုင်း မုံရွာမြို့အနီး ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီနီရှေ့မှာရှိတဲ့ ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြနေတဲ့ ပင်မသပိတ်စခန်း၊ ကျော်ရွာသပိတ်စခန်းတွေကို လပြည့်ည မနက် ၃ နာရီမှာ ကြံ့/ဖွတ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စတင်ဝင်ရောက်စီးနင်းပြီး မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ပါတယ်။ အဲဒီလို ဖြိုခွဲရာမှာ အသုံးပြုတဲ့ မီးလောင်ဗုံး ထိမှန်ခဲ့တာကြောင့် သံဃာတချို့ သင်္ကန်းတွေနဲ့ အရေပြားတွေမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီနဲ့ မနီးမဝေးမှာရှိတဲ့ ရွာရှေနဲ့ ဖောင်းကားရွာတွေအထိ ထွက်ပြေး ဆုတ်ခွာသွားကြရပါတယ်။ နောက်ပိုင်းမှာ မုံရွာဆေးရုံ၊ ရန်ကုန်ဆေးရုံနဲ့ ထိုင်းနိုင်ငံအထိ ဆရာတော်တွေကို ပို့ပြီး ကုသခဲ့ရတာပါ။ သမိုင်းမှာ စက်တင်ဘာ သံဃာ့တော်လှန်ရေးအပြီး (ဒုတိယစက်တင်ဘာ) သံဃာသတ်ပွဲလို့တောင် ဆိုကြပါတယ်။
ရဟန်းတွေမှာ၊ ဒဏ်ရာတွေရ
များဒုက္ခလေ၊ ဆေးရုံတွေရောက်
မြို့ဘန်ကောက်သို့၊ ပို့လို့ကုသခဲ့ရ၏။
လွန်ခဲ့တဲ့ ၁၃ နှစ် တန်ဆောင်မုန်းလပြည့်နေ့က ဒီသတင်းကို DVB မှာ ကျနော် မောင်တူး ကိုယ်တိုင် တင်ဆက်ခဲ့ပါတယ်။ သံဃာတွေဟာ အပါး ၂၀၀ လောက် ဆန္ဒပြခဲ့ကြတာပါ။ ဝမ်ပေါင် ကြေးနီစီမံကိန်းကြီးရဲ့ ပင်မဂိတ်ကြီးအဝမှာ သပိတ်စခန်းဖွင့် မေတ္တသုတ်တွေ ရွတ်ဖတ်နေပါတယ်။ သံဃာ့ခေါင်းဆောင် ၅ ပါးကို စစ်တပ်က စ ရိုက်ပါတယ်။ ပြီးတော့ ဖမ်းပါတယ်။ နောက်တော့ မီးသတ်ပိုက်ကြီးတွေနဲ့ ပက်ပြီး သံဃာ့သပိတ်ကို ဖြိုခွင်းတာပါ။ မနက် ၃ နာရီလောက်မှာ မီးသေနတ်တွေနဲ့ ပစ်တော့တာပါ။ သံဃာအပါး ၅၀ လောက် မီးလောင်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ကြံ့/ဖွတ်အစိုးရ ဖြစ်လာပြီး မကြာခင်မှာ အခုလို တပ်အင်အားသုံး မီးလောင်ဗုံးပစ် စစ်တပ်သရုပ်ကို ဖော်ခဲ့တဲ့ပွဲလို့ လေ့လာသူတွေကတော့ ပြောနေခဲ့ကြတာပေါ့။
လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကြေးနီ
လယ်တီသိမ်များ၊ စေတီများအား
ဖျက်သွားသည်ကို၊ သံဃာထိုထို
လက်မခံလိုကြောင်း၊ စုပေါင်းဆန္ဒ
ပြခဲ့ကြတာ၊ သံဃာရာချီခဲ့ပါသည်။
အဲသည်တုန်းက ဒဏ်ရာရ သံဃာတော်တွေကို ၈၈ မျိုးဆက်ကျောင်းသားတွေ သွားရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ စသူတွေဟာ ထားဝယ်ကို စည်းရုံးရေးထွက်နေရာက သံဃာ မီးဗုံးကိစ္စပေါ်လာတော့ မုံရွာကို ရောက်လာခဲ့ကြတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နေရာမှာ ဓာတုလက်နက် မီးလောင်ဗုံးတွေ အသုံးပြုတယ်လို့ ယူဆရတဲ့အတွက် ကြံ့/ဖွတ် ဦးသိန်းစိန် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့ရမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မုံရွာမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေကို ကြည့်ရှုအပြီး သတင်းထောက်တွေကို ၂၀၁၂ ဒီဇင်ဘာ ၁ ရက်နေ့က ပြောခဲ့ပါတယ်။ ကိုဂျင်မီကလည်း အေးချမ်းစွာ ဆန္ဒပြတော်မူနေကြတဲ့ ဆရာတော်တွေကို လက်နက်နဲ့ အကြမ်းဖက်တာဟာ ရေရှည်မှာ ကောင်းကျိုးမရှိဘူးလို့ ပြောခဲ့ပါတယ်။ ရှေ့နေများကွန်ရက်က ဦးကိုနီကလည်း သံဃာတော်တွေကို မီးလောင်ဗုံးပစ်တာဟာ ဥပဒေပြင်ပလုပ်ရပ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ စစ်တပ်ဟာ ကိုဂျင်မီ တို့၊ ဦးကိုနီ တို့ကို အငြိုးထားခဲ့ပုံရပါတယ်။ ဦးကိုနီကိုလည်း လုပ်ကြံခဲ့သလို ကိုဂျင်မီကိုလည်း မတရား ကြိုးမိန့်ပေးခဲ့ပါတယ်။ သူတို့ပြောခဲ့သလို ဥပဒေမဲ့လုပ်ရပ်တွေကို စစ်တပ်က ဒီနေ့ထိ မရပ်မနား လုပ်နေတာပါပဲ။
၂၀၁၂၊ သက္ကရာဇ်မှာ
နိုဝင်ဘာ ၂၉၊ နှစ်ချက်ထိုးကျော်
သံဃာတော်များ၊ ပရိတ်များရွတ်
မေတ္တာလွှတ်တုန်း၊ မီးလောင်ဗုံးပစ်
လုံထိန်းညစ်သော်၊ ဒဏ်ရာတော်များလှ
မီးလောင်ထားခဲ့ကြသတည်း။
စစ်တပ်ဟာ ဒီနေ့လည်း အာဏာသိမ်း အကြမ်းဖက် အုပ်ချုပ်နေဆဲပါ။ နှစ်ပေါင်း ၇၀ လောက်လည်း အာဏာသိမ်း အုပ်ချုပ်ထားတာပါ။ မကြာခဏ တွေ့ဆုံဆွေးနွေးရေး ပြောနေပေမဲ့ တော်လှန်ရေးအဖွဲ့တွေကို အပြုတ်တိုက်ရေးပဲ လုပ်နေတာပါ။ ဘာသာရေးလိုက်စားသူတွေ ဟန်ဆောင်နေပေမဲ့ ရဟန်းသံဃာကိုတောင် သတ်ပါတယ်။ ဖမ်းပါတယ်။ နှိပ်စက်ပါတယ်။ မီးလောင်ဗုံးနဲ့ ပစ်ပါတယ်။ ကြံ့/ဖွတ် စစ်တပ်အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေခဲ့ကြတဲ့ သံဃာတော်တွေကို လွန်ခဲ့သော ၁၃ နှစ် နိုဝင်ဘာလ ၂၉ ရက် မနက် ၃ နာရီက မီးလောင်ဗုံးတွေ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းတိုက်ခိုက်ခဲ့တာကို သတိတရ ပြောပြနေတာ ဖြစ်ပါတယ်။ ရွှေဝါရောင် ဆရာတော် မင်းသုညကတော့ “သမိုင်းဆိုတာ မေ့ကောင်းသည့်အရာ မဟုတ်ပါ။ သို့သော် ဘုန်းကြီး အများစုကတော့ မေ့ကုန်ကြပြီ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဆယ်သုံးနှစ်ကြာ၊ မေ့လောက်ပါလည်း
ရင်မှာတင်းလှ၊ သတိရမိ
ဝင်းပလမင်း၊ တိမ်မဲချဉ်းစဉ်
မမြင်ကွယ်လည်း၊ တိမ်တွေစဲသော်
ပြန်ကာပေါ်သို့၊ သင်္ကန်းတို့ပြဲ
မီးလောင်ဆဲသွင်၊ ပြန်ကာမြင်၏
မြင်မိနေတုန်း၊ တန်ဆောင်မုန်းကား
လလုံးပြည့်ည ရောက်ရပြန်ပြီတကား။ ။
ရွှေညဝါဆရာတော်ကြီးဟာ ချင်းမိုင်မြို့မှာ တန်ဆောင်မုန်းလပြည့်ည တညက သာမညဖလသုတ်ကို ဟောပြောပြီး ဒီလို ကုသိုလ်ယူရမည့်ညမှာ ကြံ့/ဖွတ် စစ်တပ်က မိုက်မဲစွာ သံဃာကို မီးသင်္ကန်း ကပ်ခဲ့ကြကြောင်း တရားတော်ကို ဟောခဲ့ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဟာ သာမညဖလ အခါတော်နေ့ပါ။ တန်ဆောင်မုန်းလပြည့်နေ့မှာ ဂေါတမ မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို သာမညဖလသုတ်တော် ဆိုတဲ့ ရဟန်းပြုလုပ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဟောကြားခဲ့တာကြောင့် သာမညဖလ အခါတော်နေ့ ဆိုပြီး ဖြစ်ပေါ်ခဲ့တာပါ။ အဖသတ်တဲ့ အဇာတသတ်မင်းအနေနဲ့ တန်ဆောင်မုန်းလပြည့်ညမှာ ဘုရားရှင်ရဲ့ ဟောကြားချက် နာယူအပြီး ဘုရားဟောတော်မူတဲ့ တရားတော် မိန့်တော်မူချက်တွေကို နှစ်သက် ဝမ်းမြောက် ချီးကျူး အမှန်မြင်သွားခဲ့ပါတယ်။ ဒီလို တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်ညမှာပဲ စစ်တပ်ကတော့ ရတနာသုံးပါးဝင် သံဃာတော် ရတနာတို့ကို မီးသင်္ကန်းတွေ ကပ်ခဲ့တာကြောင့် အလားတူ လုပ်ခဲ့သမျှရဲ့ နောက်ဆက်တွဲ အကျိုးကို အနှေးနဲ့အမြန် ခံစားကြရမှာ ဖြစ်ပါတယ်။ လွတ်လမ်း မရှိပါ။ ။
မောင်တူး




