
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၄ ရက် နေ့ခင်း ၂ နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ခဲ့လို့ ၈ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြင်းခြံခရိုင်၊ တပ်ရင်း ၇၊ zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်သက်ကြီးက “တိုက်ပွဲကြာချိန်က မိနစ် ၂၀ ကျော် ကြာမြင့်ခဲ့တယ်ဗျ။ လျှပ်တပြက် တိုက်ပွဲလို့တောင် ပြောလို့ရတယ်ဗျ။ တိုက်ပွဲအတွင်းမှာ ပခ၊ စခ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့တယ်ဗျ။ ကျနော်တို့မျက်မြင်ကတော့ စခနဲ့ ပခ ၈ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန် ၁၀ ဦးထက်မနည်း ရရှိသွားကြတဲ့သူတွေလည်း များတယ်ဆိုတော့ သေဆုံးသူ ထပ်တိုးတာတွေလည်း ရှိနိုင်တယ်ဗျ။ ဒီနေ့ နိုဝင်ဘာ ၅ ရက်နေ့ မနက်ခင်းပိုင်းမှာ အစဉ်အဆက်ဥက္ကဋ္ဌလုပ်ပြီး ပျူစောထီး လက်နက်ကိုင်လုပ်နေတဲ့ လယ်သစ်ရွာအုပ်ကြီး ငမင်းရဲ့ အလောင်းကိုတော့ သင်္ချိုင်းကုန်းမှာ သင်္ဂြိုဟ်သွားပြီလို့ သိထားရပါတယ်။ ကျနော်တို့ ရဲဘော်တွေက ရန်သူရဲ့လက်နက်တွေ ရယူဖို့ ကြိုးစားနေတုန်းမှာ မြင်းခြံမြို့ ခမရ ၁၅ ကနေ စစ်ကူကားကြီး ၃ စီးနဲ့ အပြေးပစ်ခတ်ရင်း မောင်းနှင်လာလို့ ကျနော်တို့ ကလေးတွေရဲ့ အသက်အန္တရာယ်ကင်းဖို့အတွက် ခွာစစ်ပြန်လုပ်ခဲ့တာကြောင့် လက်နက်မရခဲ့ဘူး” လို့ ပြောပါတယ်။
အဆိုပါ စစ်ဆေးရေးဂိတ်ဟာ မြင်းခြံမြို့နဲ့ ၂ မိုင်ခန့်သာ ဝေးကွာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ဆေးရေးဂိတ် ဖြစ်ပါတယ်။
မန္တလေးကနေ မြင်းခြံမြို့ကို တန်ဆောင်တိုင် အလည်ခရီးပြန်လာတဲ့ ခရီးသွားပြည်သူတယောက်က “ဒီဂိတ်က မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေး လမ်းမကြီးပေါ်မှာ စစ်ဆေးရေးကို အကြောင်းပြပြီး ဆက်ကြေးကောက်နေတဲ့ဂိတ်ဗျ။ အခုလို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်တာ နည်းတောင်နည်းသေးတယ်။ ပစ်ခတ်ပြီး နောက်ပိုင်း လမ်းပေါ်သွားလာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ပိတ်ဆို့စစ်ဆေးတာတွေတော့ ရှိတယ်။ ကျနော်တို့ရှေ့မှာတော့ ကားသမားတွေနဲ့ ပြည်သူတွေ ဖမ်းဆီးခံရတာမျိုး မမြင်ခဲ့ရဘူး” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို စစ်သူကြီး (ဒေါင်းစစ်သည် - zero - column - 5) က စစ်ကြောင်းမှူးအဖြစ် ဆောင်ရွက်ကာ မြင်းခြံခရိုင်၊ တပ်ရင်း ၇ zero ပြောက်ကျားတပ်ဖွဲ့၊ ရွှေကံသားစစ်ကြောင်း (မြင်းခြံမြို့နယ်ပကဖ) တို့ ပူးပေါင်းပြီး ရန်ကုန်အကြီးကောင်စစ်ကြောင်း ၁၊ ရွှေကံသားစစ်ကြောင်း ၂ တို့နဲ့ အချိန်တိုအတွင်း စီးနင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့အနေနဲ့ နိုဝင်ဘာ ၄ ရက်မှာ တခြားတိုက်ပွဲတခုလည်း ဖော်ဆောင်ခဲ့တာရှိပြီး အဆိုပါတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အထိနာ သေဆုံးတာတွေလည်း ရှိတယ်လို့ ဗိုလ်သက်ကြီးက ဆိုပါတယ်။
မြင်းခြံမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်နေပြီး စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းက ကျေးရွာတွေ၊ တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာတွေက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။




