
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲက စပါးပြန်ရိတ်တဲ့ တောင်သူတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးလိုက်ကြဲနေတဲ့အတွက် စစ်ရေးသတိနဲ့ သွားလာလုပ်ကိုင်ကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲက လယ်ပြန်ရိတ်တဲ့သူတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တလအတွင်း ၃ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးဒဏ်ရာရသူတွေဟာ လယ်ကွင်းထဲမှာ လယ်စိုက်နေတဲ့အချိန်နဲ့ လယ်ယာအသွားအလာ လုပ်နေတဲ့ အချိန်တွေမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တဲ့အတွက် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲက စိုက်ပျိုးသီးနှံ ရိတ်သိမ်းမယ့်သူတွေကို စစ်ရေးသတိနဲ့ သွားလာလုပ်ကိုင်ကြဖို့ KNDF ဘက်က နိုဝင်ဘာ ၃ ရက်မှာ အသိပေး ထုတ်ပြန်ထားတာပါ။
အခုတခါ ထိုးစစ်မှာ စစ်တပ်ဘက်က ဒရုန်းတိုက်ခိုက်မှုတွေကို ပိုအသုံးပြုလာပြီး ရှေ့တန်းမှာတင် မကဘဲ နောက်တန်းအထိပါ ဒရုန်းတွေကို သုံးလာတာလို့ ဒီးမော့ဆိုမှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
“ကျနော်တို့ Jammer တွေ ပြန်ဆင်နေတာတွေ ရှိတယ်။ Jammer ဆင်ပြီး ရက်ပိုင်းမှာပဲ သူတို့ ဒရုန်းတစီးကျတယ်။ အရှေ့မှာတော့ ဒရုန်းတွေသုံးတာများတယ်၊ ရှေ့တန်းမှာပေါ့။ အနောက်နေရာတွေမှာတော့ ကာမီကာဇေတွေ FVP တွေ သုံးတာများတယ်။”
စစ်တပ်က ကရင်နီပြည်နယ်လူထုရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် ဝင်ငွေရပ်တန့်ပြီး စားဝတ်နေရေး စိန်ခေါ်ချက်တွေ များလာတဲ့အတွက် ကရင်နီပြည်နယ်ဟာ ရှေ့ဆက် အငတ်ဘေး ကြုံလာနိုင်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ KnHRG က ပြီးခဲ့တဲ့ အောက်တိုဘာမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသေးတယ်။
အလှူရှင်တွေ ထောက်ပံ့မှု နည်းလာတာတွေ၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် စစ်ရှောင်အများစုဟာလည်း တိုက်ပွဲတွေကြားကနေ လယ်အလုပ်တွေကို အသက်နဲ့ရင်းပြီး လုပ်နေရတာလို့ ဒီးမော့ဆိုဒေသခံတယောက်က ပြောပါတယ်။
“ပြည်သူတော်တော်များများက စပါးတွေစိုက်တာ၊ စိုက်တော့ ချေးငွေနဲ့ ယူတာပေါ့၊ တချို့က ရှိတာနဲ့ အကုန်ထုတ်သုံးပြီးတော့ စပါးထဲ လယ်ထဲမှာပဲ ရင်းတာပေါ့။ တောင်ယာမှာ တချို့ ဒီနှစ်ဆိုရင် ပြောင်းဖူးခင်းဆိုရင် တော်တော်များများ ရှုံးတယ်။ ပြီးရင် စပါးပဲ ကျန်တယ်ဆိုတဲ့အချိန်မှာ ရိတ်သိမ်းခါနီးမှ စစ်သားတွေကလည်း စစ်ကြောင်းထိုးလာတယ်။ အဲမှာ တခါ ထပ်ပြေးရတော့ ပြည်သူတွေလည်း တော်တော် စိတ်ဓာတ်ကျတာပေါ့။ ဘာဖြစ်လို့လဲဆို တချို့အိမ်တွေက စားဝတ်နေရေး အဆင်မပြေဘူး။ စားဖို့သောက်ဖို့တောင်မှ မလုံလောက်ဘူး။ တချို့အိမ်တွေဆို ဆန်ပြတ်တာတွေ ကြုံနေရပြီ။”
နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာလည်း ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က ဂျက်ဖိုက်တာအပြင် အသေခံဒရုန်း သုံးပြီး ဗုံးကြဲခဲ့တဲ့အတွက် လူ ၅ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိပါတယ်။
ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တွေဟာ ကရင်နီကို စစ်မျက်နှာ ၅ ခုဖွင့်ကာ ထိုးစစ်ဆင်နေတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်း စစ်ဖြစ်တဲ့ နေရာတွေကို မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ စစ်ရေးသတိရှိရှိနဲ့ သွားလာကြဖို့ KNDF က သတိပေး နှိုးဆော်နေတာပဲ ဖြစ်ပါတယ်။
မောရစ်




