ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတနေရာကို နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲပြီးတဲ့နောက် ကာမီကာဇေ အသေခံဒရုန်းတွေနဲ့ ဗုံးထပ်လာကြဲတဲ့အတွက် ထိခိုက်သေဆုံးသူများတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက DVB ကို ပြောပါတယ်။
မနေ့ မနက် ၇ နာရီဝန်းကျင်မှာ ဗုံးလာကြဲသွားတာဖြစ်ပြီး အနည်းဆုံး လူ ၅ ယောက်သေဆုံးကာ သေဆုံးထိခိုက်ဒဏ်ရာရသူတွေ ထပ်တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးသမားတယောက်က ပြောပါတယ်။
“လောလောဆယ် ၅ ယောက်လောက်သေပြီ။ ဒဏ်ရာရတာလည်း သုံးလေးယောက်လောက်ရှိတယ်၊ တော်တော်ပြင်းတယ်။ Y-12 တော့ မဟုတ်ဘူး၊ ဖိုက်တာနဲ့၊ ဖိုက်တာချပြီးတော့ Suicide (ကာမီကာဇေ ဒရုန်း) က ၃ စီးလောက်ရှိမယ် လာချသွားတာ။”
သေဆုံးသူတွေထဲမှာ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၄ ယောက်ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က "မနက်အစောပိုင်းပဲ။ ပထမဆုံးလေယာဥ်လာကျတယ်။ နောက် Suicide ဒရုန်း ၂ စင်း နဲ့ ထပ်ချတယ်။ ဖြစ်ဖြစ်ချင်း ၂ ဦးဆုံးတယ်။ ကျန်တာက လမ်းမှာဆုံးတာ "လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအပြီး လက်နက်ကြီးနဲ့ပစ်တာတွေ ထပ်ရှိနေတဲ့အတွက် လေကြောင်းအန္တရာယ်၊ လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်တွေကို အချင်းချင်း အသိပေးရင်း သတိထား စောင့်ကြည့်နေရတယ်လို့ ဗုံးကြဲခံရတဲ့ အနီးဆုံးနေရာက ဒေသခံတယောက်က ဆက်ရှင်းပြပါတယ်။
“တချို့ဆိုင်တွေ ခေါင်မိုးပေါက်သွားတာ ရှိတယ်။ အစစင်တာပေါ့။ လေယာဥ်က မဝဲဘဲနဲ့ ဗြုန်းဆိုင်းကြီးလာတာ။ KSP က ရဲမေ ၃ ယောက်တော့ ဒဏ်ရာပြင်းထန်တယ်။ တယောက်တော့ ကျသွားပြီ။”
ကရင်နီပြည်နယ်ထဲက မယ်စဲ့၊ ရှားတောနဲ့ ဖားဆောင်းမြို့နယ် အပါအဝင် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ၃ လ စစ်တပ်က ကြေညာပြီး ရက်ပိုင်းအကြာမှာပဲ အခုလို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်တိုဘာလထဲမှာ ပြည်သူ ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖရူဆိုမြို့နယ်ထဲကို အောက်တိုဘာ ၁၃ ရက်၊ ၁၉ ရက်၊ ၂၁ ရက်၊ ၂၄ ရက်၊ ၂၆ ရက်၊ ၂၉ ရက်တွေမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတယောက်၊ အမျိုးသားတယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ကာ မော်တော်ယာဥ်တစီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်ကိုလည်း အောက်တိုဘာ ၂၄ ရက်၊ ၂၆ ရက်၊ ၂၉ ရက်တွေမှာ စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသားတယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိကာ စပါးခြွေစက်တစီးနဲ့ စပါးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
KNDF မြေပြင်ရဲဘော်တယောက်က “စစ်တပ်က လက်နက်ကြီးတို့ ဒရုန်းတို့ ပစ်တယ်။ တချို့ဆို စပါးတွေ ရိတ်သိမ်းနေရင်းတန်းလန်းနဲ့ကို ဒရုန်းကြောင့် ထိပြီး သေတဲ့သူလည်းရှိတယ်” လို့ ပြောပါတယ်။
စစ်တပ်က ဒီးမော့ဆို အနောက်ခြမ်းကိုလည်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိသလို လေကြောင်းကနေလည်း ဗုံးကြဲတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ မိုးဗြဲမြို့နယ်တွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေပြီး စစ်ကြောင်းလည်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
မောရစ်/ နှင်းပန်း






