
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ချင်ပြစ်ရွာကို အောက်တိုဘာ ၃၀ ရက် မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချလို့ အရပ်သားတယောက် သေဆုံးခဲ့ရပြီး တယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
ချင်ပြစ်ရွာခံ ပြည်သူတယောက်က “ကြဲချသွားတာက ရွာတောင်ဘက်ထွက်တဲ့ ရွာအလယ်လမ်းကို ကြဲချသွားတာ။ ဗုံးသီးက ၂ လုံးကြဲချသွားတာဗျ။ ရွာအထွက်က ပြည်သူနေအိမ်ပေါ် တလုံးကျတယ်။ လမ်းဘေးကို တလုံးကျတယ်။ အဲလိုဗုံးကြဲချလို့ ရွာကို ရေနံချေးလာရောင်းတဲ့ ဧည့်သည် အမျိုးသား တယောက် ကျည်စထိမှန်ပြီး သေဆုံးရတယ်။ ရွာခံအမျိုးသမီးကတော့ ဦးခေါင်းကျည်စထိမှန် ဒဏ်ရာရရှိသွားတယ်။ လူနေအိမ်အဆောက်အအုံအချို့လည်း ပျက်စီးတယ်”လို့ ပြောပါတယ်။
ချင်ပြစ်ရွာကို လာရောက်ဗုံးကြဲချတဲ့ စစ်ကောင်စီ လေယာဉ်ဟာ တံတားဦး လေတပ်ကနေ တက်လာတဲ့ဂျက်တိုက်လေယာဉ် ဖြစ်ပါတယ်။
ပုလဲမြို့နယ် ပအဖအဖွဲ့ဝင် အမျိုးသားတယောက်က “လေယာဉ်တက်လာပြီဆိုကတည်းက လေကြောင်းအသိပေးချက်တွေက သက်ဆိုင်ရာ မြို့နယ်အလိုက် အချက်ပြ အသိပေးနှိုးဆော်တာတွေတော့ရှိတယ်။ ဒါပေမဲ့ဘယ်ရွာကို ကြဲမယ်ဆိုတဲ့ အတိကျသတင်းမရတော့ ကြိုတင်ပြင်ဆင်မှု အားနည်းတဲ့ ပြည်သူတချို့ ထိခိုက်သေဆုံးရတာတော့ ဖြစ်ကြရတယ်။ အခုလည်း သေဆုံးသူတယောက်၊ ထိခိုက်သူ တယောက် စုစုပေါင်း ၂ ယောက် ရှိခဲ့တယ်။ ရွာလယ်လမ်း တောင်ဖျားရွာအထွက် နေရာကို ကြဲချသွားလို့ သေဆုံးသူနည်းရတာ။ ရွာအလယ်ကိုသာ တည့်တည့်ချရင်တော့ မတွေးဝံ့စရာပါ”လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းသတင်းကို သေခြာစောင့်ပြီး နားထောင်ကာ ကြိုတင်ပြင်ဆင် ဘေးလွတ်ရာကိုနေကြဖို့ တော်လှန်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။
ပုလဲမြို့နယ်၊ ချင်ပြစ်ရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းက နေဗုံးကြဲချတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်။




