
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီ ၂၅ မိနစ်လောက်က စတင်ကာ ၁၀ နာရီ ၅၂ မိနစ်အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးတယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ကသာမြို့နယ်၊ ဧရာ၀တီအနောက်ခြမ်း ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းအနီးကို လေကြောင်းက ဗုံးကြဲခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“လေယာဉ်က ၂ စီးလား၊ ၃ စီးလား ကွဲကွဲပြားပြား မသိရဘူး။ ကြဲတာကတော့ ၃ ကြိမ် လာကြဲချသွားတာ။ ကနဦး ပထမဆုံးကြဲချတဲ့ ဗုံးကတော့ ပေါင် ၅၀၀ ဗုံး ဖြစ်လိမ့်မယ်ဗျ။ မြေကြီးတွေပါ တုန်သွားတယ်။ နောက် ဒုတိယအကြိမ်ကတော့ ၂ လုံးဖြစ်လိမ့်မယ်။ နောက်ဆုံး တတိယအကြိမ်ကတော့ တပြိုင်တည်း ၃ လုံးတွဲ ကြဲချသွားတယ်ဗျ။ မြေပြင် ဘာတိုက်ပွဲမှ မရှိဘူး။ အသုဘတခုအတွက် ပရိတ်တရားနာပွဲတော့ ရှိတယ်၊ ဆွမ်းသွပ်ပွဲလုပ်တာပဲ ရှိပါတယ်။”
စစ်တပ်က ဗုံးကြဲချတာကြောင့် ဒေသခံ ၉ နှစ်အရွယ် ကလေးငယ်တယောက်၊ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တယောက်၊ ၅၈ နှစ်အရွယ် အမျိုးသားတယောက် အမည်အသက် စုံစမ်းနေဆဲ တယောက်တို့ သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ရကာ နေအိမ် အဆောက်အဦတချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကသာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “စစ်တပ်က ပြည်သူအပေါ် ရက်ရက်စက်စက် ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ပဲ ပြောရမယ်ဗျ။ အခုလည်း ရက်လည်တရားနာပွဲကို အကြောင်းမဲ့ ဗုံးကြဲချတိုက်ခိုက်တာကြီးက အတော်လေး ရုပ်ဆိုး အကျည်းတန်လှပါတယ်။ အခု လေကြောင်းကနေ တိုက်ခိုက်လို့ ၉ နှစ်အရွယ် မောင်သက်ဖြိုးဦးက တော့ ဆေးရုံရောက်ပြီး သေဆုံးသွားပါတယ်။ နောက်ထပ် ၁၄ နှစ်အရွယ် မဇာနည်ဇော်၊ ၅၈ နှစ်အရွယ်နဲ့ နောက်တဦးကတော့ အသက်အရွယ်မသိရသေးဘူး။ သူတို့ ၃ ဦးစလုံးကတော့ နေရာတင် သေဆုံးခဲ့ရတဲ့သူတွေပါ။ သေဆုံးသူစုစုပေါင်း ၄ ဦးပေါ့” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ညောင်ခြေထောက်ရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာ ဖြစ်သလို ၂၀၂၃ ခုနှစ် မေ ၃၁ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီး ရွာကို မီးရှို့လို့ လူနေအိမ် ၁၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ကျေးရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။




