
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ အောက်တိုဘာ ၂၈ ရက်၊ မွန်းတည့် ၂ နာရီလောက်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်စလုံးက တပ်ဖွဲ့ဝင်တွေ သေဆုံးသူတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇဝဲကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာအနီးမှာ လာရောက်တပ်စွဲထားတဲ့ အင်အား ၁ဝဝ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီးချိန် လက်နက်ကြီးတွေလည်း ပစ်တယ်။ ဒရုန်းနဲ့လည်း လာချတယ်။ ကျနော်တို့ ဝင်ပစ်ပြီးနောက်မှာ သူတို့ အနောက်ကို ပြန်ဆုတ်သွားတယ်။ ဖာနီရွာမှာ ခြေကုပ်ယူပြီးတော့ လေးမိုင်ဘက်ကို ထပ်တက်လာနေတယ်။”
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက် ကျဆုံး၊ တယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပြီး စစ်ကောင်စီဘက်မှာ အရာရှိအပါအဝင် ထိခိုက်သေဆုံးသူ များတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပြီး အတည်ပြုဖို့ စုံစမ်းဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂ဝ ရက်မှာ ဇဝဲ ခမရ ၅၅၆ တပ်ရင်းက စစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေဖြစ်ကာ ဇဝဲ၊ ဖာနီ၊ လေးမိုင်၊ ရေခဲချောင်းကျေးရွာတွေမှာ အရပ်သားပြည်သူတွေ ရွာလုံးကျွတ် စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကြောင်းထိုးလာပြီး အောက်တိုဘာ ၂၇ ရက်မှာ လေးမိုင်ရွာအနီး တိုက်ပွဲဖြစ်ပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။




