
စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့တဲ့ ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက် ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။
သူတို့ဟာ စစ်တပ်က အာဏာသိမ်းတာကို မထောက်ခံတဲ့အပြင် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြကြောင်း၊ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် သူတို့တတ်ကျွမ်းတဲ့ အနုပညာကဏ္ဍနဲ့ ပူးပေါင်းပါဝင်တာမရှိတဲ့အပြင် တခြားအနုပညာရှင်တွေ တတပ်တအား ပူးပေါင်းတာကို ဝေဖန်တိုက်ခိုက်တာ၊ ရွေးကောက်ပွဲအပေါ် ပြည်သူတွေ ယုံကြည်မှု လျော့နည်းလာစေအောင်ရည်ရွယ် ရေးသားဖြန့်ဝေခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ပါတယ်။
သူတို့ ၃ ယောက်ထဲက ဒါရိုက်တာ မိုက်တီး (ခ) သန်းထွန်းဇော်ဟာ ၂၀၂၁ ခုနှစ်မှာ လူမှုကွန်ရက် မီဒီယာကတဆင့် စစ်တပ်ကို ဝေဖန်ရေးသားခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်မှာ ‘နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်’ ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့သူဖြစ်တာကို စိစစ်တွေ့ရှိရလို့ သူ့ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူနိုင်ရေးအပြင် အရင်ကကျန်တဲ့ထောင်ဒဏ်ကို ပြန်လည်ကျခံစေရေး လုပ်သွားမယ်လို့ ဆိုပါတယ်။
ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ) ကျော်မင်းထွဋ် နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်း (ခ) ဇော်မြင့်တို့တော့ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။
သူတို့ကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့သူတွေကို ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်ခဲ့တာကြောင့် သူတို့ကို ဖမ်းဆီးဖို့ စစ်တပ်ထောက်ခံသူတွေက လှုံ့ဆော်ပြီးနောက်ပိုင်း အခုလို ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။




