
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အောက်တိုဘာလ ၂၇ ရက်၊ ၂၈ ရက်မှာ တွေ့ဆုံညှိနှိုင်းပြီး နှစ်ဖက် အပစ်ခတ်ရပ်စဲလိုက်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအနေနဲ့ TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းနဲ့ ဗုံးကြဲတာ စစ်ကြောင်းထိုးတာကို ရပ်တန့်ရမှာဖြစ်ပြီး TNLA ကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာဖို့အတွက် နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီနဲ့ TNLA တို့ကြား ၉ ကြိမ်အထိ တွေ့ဆုံ ဆွေးနွေးပြီးနောက် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA ရဲ့ ပြောခွင့်ရသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူပြီးနောက် TNLA ထိန်ချုပ်ထားတဲ့ နမ္မတူ၊ နမ့်ဆန်၊ မန်တုန်၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့တွေကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲနေခဲ့တာ ဖြစ်ပါတယ်။




