Home
မြန်မာသတင်း
ဘုတလင်၊ တွင်းတောင်ရွာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်အပါအဝင် အရပ်သားများ ဒဏ်ရာရ
DVB
·
October 29, 2025

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက စိမ်းပြာရေညှိ ထွက်ရှိရာ တွင်းတောင်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၈ ရက် ညနေ ၅ နာရီ မိနစ် ၄၀ မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တွင်းတောင်ရွာကို လာရောက်ကြဲချတဲ့ စက်တပ်လေထီးဟာ မုံရွာ နမခစစ်တပ်အတွင်းကနေ လာရောက်ကြဲချသွားတာလို့ တွင်းတောင်ရွာသားတယောက်က ပြောပါတယ်။

“ဗုံးသီးက တလုံးတည်း ကြဲချတာ။ ကြဲချတဲ့နေရာက ရွာအဝင်ကို ကြဲချသွားတာ။ ဗုံးကြဲချလို့ ၂၅ ဝန်းကျင် အမျိုးသား ၂ ဦး၊ ၁၀ နှစ်ဝန်းကျင် ကလေး အမျိုးသားတဦးနဲ့ တဦးကတော့ ကလေးပဲ ရှိသေးတာ၊ အသက်ကတော့ မသိဘူးဗျ။ ဒါ့အပြင် ရွာထဲက အဆောက်အဦ ၂ လုံးလည်း ဗုံးသီးကျလို့ ပျက်စီးတယ်။”

တွင်းတောင်ရွာဟာ ဘုတလင်မြို့ရဲ့ အနောက်ဘက် ၇ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ အိမ်ခြေ ၂၀၀ ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “ပြည်သူတွေရှိတဲ့ နေရာတွေ၊ ကလေးတွေရဲ့ စာသင်ကျောင်းတွေမှာ အကြောင်းမဲ့ ဗုံးကြဲနေတာတွေကတော့ အင်မတန်ယုတ်မာပြီး လူမဆန်တဲ့လုပ်ရပ်ပါ။ ဒါကိုကပဲ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ စစ်ရှုံးနေပြီဆိုတာ သိသာနေပါတယ်။ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ် လက်နက်ကြီးအန္တရာယ်ကို အထူးဂရုစိုက်ကြပါ” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲချတာအပြင် နမခ စစ်တပ်အတွင်း‌ကနေ အောက်တိုဘာ ၂၇ ရက် ည ၉ နာရီက စတင်ပြီး ဘုတလင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာကာ အောက်တိုဘာ ၂၈ ရက် မနက်ခင်းပိုင်းက စတင်ပြီး ဇီးတောရွာအတွင်းမှာ စခန်းချ တပ်ဆွဲနေထိုင်ကာ ဘုတလင်-မုံရွာသွား ကားလမ်းမပေါ် ဖြတ်သန်းမောင်းလာတဲ့ ကား ၃ စီးကို ဖမ်းဆီးထားပြီး ကားစပါယ်ယာ ၃ ယောက်ကို ပြန်လွှတ်ပေးကာ ကားနဲ့ ယာဉ်မောင်း ၃ ယောက်ကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းရန်ကြောင့် ဇီးတောရွာက ပြည်သူတွေနဲ့ အနီးဝန်ကျင် ကျေးရွာတွေက ပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013