
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ကျေးရွာမှာ အောက်တိုဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီလောက်က စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတယောက် ဗုံးသီးကျည်စထိမှန်ကာ သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ဇဝဲကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပြီးနောက် ၂ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ လေယာဉ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသားတယောက် ဗုံးသီးအစ ထိမှန် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃ဝ ဝန်းကျင်အရွယ်ရှိ ဒူးကြိုးကျေးရွာခံတယောက်ဖြစ်ပြီး ဗုံးသီး ထိမှန်ခဲ့တာကြောင့် နေရာမှာ ပွဲချင်းပြီး အသက်သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။
“ဆုံးသွားတဲ့ တယောက်က ဒူးကြိုးရွာကပါ။ ရွာမှာ တယောက်မှမရှိတော့လို့ အလောင်းတောင် သယ်လို့မရသေးဘူးတဲ့။ ဗုံးထိပြီး ဆုံးသွားတာပါ။”
အောက်တိုဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်မှာလည်း တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ ဇဝဲတပ်ရင်းကနေ လက်နက်ကြီးပစ်ကူကာ လေကြောင်းတိုက်ခိုက်မှုတော့မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စက်သေနတ်နဲ့ပါ ရမ်းသန်း ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်တာကြောင့် လေးမိုင်၊ ဒူးကြိုး၊ ရေခဲချောင်း ကျေးရွာတွေက ဒေသခံပြည်သူတွေ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
တိုက်ပွဲတွေ တဖန်ပြင်းထန်လာတာကြောင့် စစ်ရေးအခြေအနေအရ ဒေသခံပြည်သူတွေကို ခရီးသွားလာတာ မပြုဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ အသိပေး ထုတ်ပြန်ထား ပါတယ်။




