
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ပွိုင့်ဖိုက်တွေနဲ့လည်း အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဇဝဲကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ကြပြီးနောက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဥ်တစီးနဲ့ ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။
“ရွာသားတွေ အကုန်လုံး ဘေးလွတ်ရာကို ပြေးကုန်ကြပြီ။ ဗုံးသီးက တလုံးပဲ ချသွားတယ်ဗျာ။ ပွိုင့်ဖိုက်တွေလည်း ပစ်တယ်။ အိမ်တွေကတော့ အနည်းငယ်ထိတယ်။ ပေါင် ၃၀၀ ဗုံးသီးနဲ့ လာကြဲတာဗျာ။”
လေကြောင်းတိုက်ခိုက်မှုအပြင် ပွိုင့်ဖိုက်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတယ်လို့ သိရပေမဲ့ အသေးစိတ်အတည်ပြုနိင်ဖို့ ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။
အောက်တိုဘာ ၂၀ ရက်ကတည်းက ဇဝဲအခြေစိုက် ခမရ ၃၃၅ တပ်ရင်းကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကြောင်းတခုဟာ ထွက်ခွာလာပြီး ဇဝဲနဲ့တကူကျေးရွာကြားက ဖာနီ၊ လေးမိုင် စတဲ့ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားနေတာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးတဲ့ လမ်းပိုင်းရှိ ဖာနီကျေးရွာကို အောက်တိုဘာ ၂၂ ရက်ကလည်း ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိမှန်ကာ အရပ်သားပြည်သူ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။




