
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ ဗုံးကြဲရင်း ပျက်ကျခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတစီးကို အောက်တိုဘာ ၂၇ ရက်မှာ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တယောက်က “နွားထိုးကြီးမြို့ရဲ့ အနောက်ဘက်ခြမ်းမှာ စစ်တပ်နဲ့ မြင်းခြံ သီတာယုမွန် ပျူစောထီးအဖွဲ့တွေ ပေါင်းပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီးတော့ ဒရုန်းတွေသုံးပြီးတော့လည်း ဗုံးကြဲနေတာတွေ ရှိတယ်။ အဲဒီလို ဗုံးကြဲရင်း ပျက်ကျခဲ့တဲ့ ဒရုန်းတစီးကို ကျနော်တို့ဘက်က သိမ်းဆည်းရရှိခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါဒရုန်းကို သိမ်းဆည်းရရှိခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ နီးကပ်နေတဲ့အတွက် စစ်ရေးအခြေအနေအရ ဒရုန်းသိမ်းဆည်းရရှိခဲ့တဲ့ နေရာအတိအကျကို ထုတ်ဖော်မပြောရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နွားထိုးကြီးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက “သူတို့ဘက်က တိုက်ပွဲဖြစ်နေတဲ့ နေရာဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးကြဲရင်း ဘက်ထရီအားကုန်ပြီး ပျက်ကျခဲ့တာပါ။ ကြီးကြီးမားမား ပျက်စီးတာတော့ မရှိပါဘူး။ ဘက်ထရီနဲ့ ပျက်စီးသွားတဲ့ ကျန်တဲ့အစိတ်အပိုင်းလေးတွေ လဲလိုက်ရင် ပြန်ပြီးအသုံးပြုလို့ ရတယ်။ အဲဒီလို ပြင်ဆင်ပြီးတော့လည်း ပြန်လည်အသုံးပြုသွားမှာပါ။ ဒရုန်းက ၆ လက်ဒရုန်း ဆိုတော့ ကာလတန်ကြေးက သိန်း ၁,၀၀၀ အထက်မှာရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နွားထိုးကြီးမြို့နယ် အပါအဝင် မြင်းခြံနဲ့ တောင်သာမြို့နယ်တွေထဲကို ပြီးခဲ့တဲ့ သြဂုတ်လထဲကစလို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ထိုးနေတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာကာ အများအပြား ထိခိုက်သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။




