
ချင်းပြည်နယ်၊ မင်းတပ်မြို့ ရဲစခန်းအနီးကို စစ်ကောင်စီလေတပ်က အောက်တိုဘာ ၂၇ ရက် ညမှာ ဗုံး ၂ လုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သားအပါအဝင် စစ်သုံ့ပန်း ၄ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေပြည်တော် ဧလာလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မင်းတပ်မြို့ ဒေသခံတယောက်က “တနေ့က ဗုံးကြဲတဲ့နေရာကိုပဲ ထပ်ကြဲတာပါ။ အဆောက်အအုံ ၂ လုံး ပျက်စီးတယ်။ နေအိမ်နဲ့ အစိုးရအဆောက်အအုံပါ။ ဒဏ်ရာရသူ ၄ ဦးကတော့ မစိုးရိမ်ရဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီလေတပ်ဟာ အောက်တိုဘာ ၂၆ ရက်ကလည်း အဲဒီနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်တာ မရှိခဲ့ပေမဲ့ အဆောက်အအုံ တချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ချင်းပြည်နယ်ကို မကြာခဏ ဗုံးကြဲနေတာပါ။ ကင်းထောက်လေယာဉ်တွေလည်း ပျံဝဲနေတာတွေ တွေ့ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း CDF ကန်ပက်လက် စစ်ဦးစီးချုပ် မင်္ဂလာဆောင်နေရာကို ဗုံးကြဲတိုက်ခိုက်လို့ ၃ ယောက်လောက် ထိခိုက်သေဆုံးတာ ရှိခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီမြို့သိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။




