
တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းရှိတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်း ထိုးနေတဲ့အတွက် ဒေသခံ ၁၆,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်ကစပြီး ဝမ်ပေါင် ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မုံရွာဘက်ကလာတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း အင်အား ၇၀၀ ဝန်းကျင်က ဆားလင်းကြီးမြို့နယ်တဝိုက်ကို စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းက ဇီးတော၊ ဆည်တဲရွာနဲ့ ညောင်ပင်ကြီးရွာ၊ ထန်းတောရွာတွေမှာ အထိုင်ချပြီး အနီးဝန်းကျင်ကျေးရွာတွေကို လှည့်ပတ်သွားနေတယ်လို့ သိရပါတယ်။
စစ်ကြောင်း စရောက်ကတည်းက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီးနောက် မုံရွာမြို့ မအူဂိတ်နဲ့ စစ်ကြောင်း အထိုင်ချတဲ့ နေရာတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မုံရွာ နမခဘက်ကလည်း ပါရာမော်တာနဲ့ နေ့စဉ်ဆိုသလို ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ စစ်ဘေးရှောင် အကူအညီပေးနေသူတယောက်က “ဝမ်ပေါင်ထဲက တကြောင်းက သူတို့ အရေးပေါ် ဝမ်ပေါင်ထဲ အခြေပြုပြီး ဟိုဘက်ဒီဘက် လျှောက်ထွက်နေတာ။ ရွာပေါင်း ၃၀ လောက်ကနေပြီး စစ်ရှောင်စခန်း အခု ၅၀ လောက်ရှိတယ်။ လက်နက်ကြီးကတော့ မုံရွာ မအူဂိတ်ဘက်က ထုတယ်၊ သူတို့ အထိုင်ချတဲ့ စစ်ကြောင်းဘက်ကနေလည်း ထုတယ်၊ နမခကနေ ပါရာမော်တာကတော့ မနေ့ညက တခါကြဲတယ်၊ နေ့တိုင်းလို ကြဲနေတာပေါ့နော့် ပါရာနဲ့ကတော့” လို့ ပြောပါတယ်။
စစ်ကြောင်းက ရွာခံပြည်သူတချို့ကို ဖမ်းဆီးထားပြီး ၄ ယောက်လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပေမဲ့ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀ က ပြည်သူ ၁၆,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ အကူအညီပေးနေသူတွေကလည်း ပြောကြပါတယ်။
ဝမ်ပေါင် ကြေးနီစီမံကိန်းအနီးနဲ့ တမြို့နယ်လုံးကို စစ်ကြောင်းက ပတ်သွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ဘေးတိမ်းရှောင်ရာမှာလည်း တခြားမြို့နယ်တွေဘက် သွားလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
ဆားလင်းကြီးဒေသခံတယောက်က “သူတို့လာတယ်၊ လာတယ်ဆို ပြေးလိုက်၊ သူတို့ထွက်ရင်တော့ ပြန်နေလိုက်တာ၊ တချို့ကတော့လည်း ပြန်မနေကြဘူး။ အဆင်က မပြေဘူးဆိုတာ ဒီလိုပဲ ညီမလေးတို့က ပြေးပေါက်မရှိဘူးလေ။ တောင်ကိုသွားပြန်ရင်လည်း ဖောင်းတကာဘက်မှာဆိုတော့ တောင်လည်း သွားလည်းမရ၊ မြောက်ကျပြန်တော့လည်း သူတို့က ဝမ်ပေါင်နားထွက်တဲ့ဂိတ် ရှိတာကျတော့ ထွက်မရဘူး။ ကြားထဲညပ်နေတာ။ တမြို့နယ်လုံးပဲ ပြောရမလားမသိဘူး။ သူတို့က နှံ့ပြီး သွားနေကြတာ။ တရွာ တနေရာတည်း အဲ့လိုတော့ မဟုတ်ဘူး။ အပေါ်ကနေ သူတို့က လေထီးတွေနဲ့ ကြဲပြီးတော့လေ တော်တော်များများက ရှောင်နေရတာ” လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက်လည်း မြို့နယ် လူသားစာနာအဖွဲ့က ထောက်ပံ့မှုတွေ လုပ်ပေးနေပေမဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။
တရုတ်စီမံကိန်းတခုဖြစ်တဲ့ ဝမ်ပေါင် လက်ပံတောင်းကြေးနီစီမံကိန်းကို ၂၀၁၂ မှာ မြေယာအငြင်းပွားမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် ဒေသခံနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပေမဲ့ စစ်အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်မှာ ဝမ်ပေါင်စီမံကိန်းကို စစ်ကောင်စီတပ်သားတွေ လုံခြုံရေးချကာ ပြန်လည်အသက်သွင်းနေပြီး စီမံကိန်းနဲ့ အနီးတဝိုက် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
သီရိ




