စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ကြေးနီစီမံကိန်း ဝမ်ပေါင်ဆိုဒ်ထဲကနေ အပြင်ထွက်လာပြီး စစ်ကြောင်းထိုးနေတာကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၅ ရွာထက်မနည်းက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၅ ရက် ဒီကနေ့မနက်က ဝမ်ပေါင်ဆိုဒ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို အရေးပေါ်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေးကူညီပေးနေသူတယောက်က “ရိက္ခာသယ်တဲ့လမ်းကြောင်းမှာက စစ်ကြောင်းတကြောင်း၊ ရွာထဲဝင်တဲ့ စစ်ကြောင်းတကြောင်း ခွဲထွက်လာတာ။ ရမ်းသန်းပစ်ခတ်နေကြတယ်။ ဒီနေ့မနက် ဒေသခံတယောက် ထိထားတယ်၊ ဖမ်းဆီးခံရသူတွေလည်းရှိတယ်၊ ဖမ်းဆီးခံထားရတဲ့သူတွေကို လူသားဒိုင်းအဖြစ် စစ်ကြောင်းတွေက အသုံးပြုနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ဝမ်ပေါင်အနီးမှာရှိတဲ့ ပလောင်ရွာ၊ ဝက်မှေးရွာ၊ ကံတေားရွာ၊ ကူတို့ကုန်းရွာ နဲ့ တုံရွာက ဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
မြေပြင်ကနေ ရွာစဉ်ပတ် စစ်ကြောင်းထိုး နေသလို နမခဘက်ကနေလည်း စက်တပ်လေထီးတွေ လေယာဉ်တွေနဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ သပိတ်အဖွဲ့ရဲဘော်တွေက သတိပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။







