တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ကားလမ်းအနီး လဘကျေးရွာမှာရှိတဲ့ ပြည်သူလူထု နေအိမ် အလုံး ၄၀ လောက်ကို စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်နားသွားချိန် နေ့လယ်ပိုင်းမှာတော့ စစ်တပ်က လဘကျေးရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ ရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာထဲမှာကျန်ခဲ့တဲ့ အသက် ၆၀ ကျော် အမျိုးသားကို ရိုက်နှက်ခဲ့ပြီး လမ်းမလျှောက်နိုင်တဲ့ မိန်းမဖြစ်သူကိုလည်း အိမ်ပေါ်ကနေ ဆွဲချကာ နေအိမ်ကိုပါ မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က အခုလို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၉၀ ဝန်းကျင်ရှိတဲ့ လဘကျေးရွာမှာ နေအိမ် ၄၀ ဝန်းကျင်လောက် မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေက ထွက်ပြေးနေရတဲ့အတွက် နောက်ဆက်တွဲ ထိခိုက် ဖမ်းဆီးခံရမှု အခြေနေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးမလောင်ပဲကျန်ခဲ့တဲ့ နေအိမ်တွေရဲ့ တံခါးတွေကိုရိုက်ဖျက်ပြီး ရှိသမျှပစ္စည်းတွေကို ကားနဲ့သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်တပ်က တနင်္သာရီတိုင်းထဲက အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးအပါအဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် ဒေသတွင်း အင်အားအလုံးရင်းသုံးပြီး စစ်ကြောင်းထိုးနေ ပါတယ်။















