
ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်း-ဖယ်ခုံဘက်ကို ထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၉ ရွာက လူဦးရေ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေပါတယ်။
ပင်လောင်း-ဖယ်ခုံဘက်ကို အောက်တိုဘာ ၁၀ ရက်ကတည်းက စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေဟာ စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းနဲ့ အနီးဆုံးက ရွာတွေဖြစ်တဲ့ ဘောရန်ရွာ၊ (တောင်)စလုံးကျေးရွာ၊ (မြောက်) စလုံးကျေးရွာနဲ့ ရေအေးကုန်းကျေးရွာ အပါအဝင် ရွာ ၉ ရွာလောက် မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ရွာတွေက ဒေသခံတွေဟာ လက်ရှိ နီးစပ်ရာ တောတောင်ထဲ စစ်ရှောင်နေကြရပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စာရင်းအရ အောက်တိုဘာ ၁၉ ရက်အထိ ကျေးရွာ ၉ ရွာက လူဦးရေ ၄,၀၀၀ ကျော်ကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကယ်ဆယ်ရေးသမားတွေက သွားကယ်ထုတ်ထားပြီးပြီလို့ IEC ရဲ့ အတွင်းရေးမှူး-၂ ကိုဗညားက ပြောပါတယ်။
“လူဦးရေ ၄,၀၀၀ ဝန်းကျင်ရှိတော့ နေရာတခုတည်းမှာ စုပြုံပြီးတော့ နေနေတာက အဆင်မပြေတာ ပါတယ်။ နောက်ပြီးတော့ အိမ်ထောင်စုကလည်း ၁,၀၀၀ နီးပါးအထိပေါ့နော်။ တဲတွေ ပြန်ဆောက်ရမယ့်ပုံစံမျိုး ရှိတယ်။ တချို့ကတော့ လောလောဆယ် ယာယီခဏ တချို့ အဆောက်အအုံပေါ်မှာ အများပိုင် ပြည်သူပိုင် အဆောက်အအုံတွေမှာ တည်းတာရှိသလို တချို့ကျတော့လည်း အိမ်လေး တဲလေးတွေပေါ့ ရွှေ့ပြောင်းပြီး နေထိုင်နေကြတာ ရှိပါတယ်။ အဓိက လိုအပ်ချက်ကတော့ အစားအသောက်ရယ်၊ အရေးပေါ်တဲတွေ ဆောက်ဖို့အတွက် လိုအပ်တဲ့ အမိုးအကာပေါ့နော် ဒါ အဓိကကျတယ်။ နောက် တချို့နေရာတွေက ရေရရှိမှုက ခက်ခဲတယ်၊ နောက် ထင်းတွေပေါ့ အဲဒါတွေကအစ အခက်အခဲရှိတယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာလမှာလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းဟာ ပင်လောင်း-ဖယ်ခုံ နယ်စပ်ဘက်ကို စစ်ကြောင်းဝင်ထိုးလို့ ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးခဲ့ရပြီး အခု ဒီလမှာလည်း နောက်ထပ် ဒေသခံ ၄,၀၀၀ ကျော် ထပ်မံ ထွက်ပြေးနေရတာပါ။
ထွက်ပြေးလာတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ အောက်တိုဘာ ၁၀ ရက်မှာ (မြောက်)စလုံးကျေးရွာကို စစ်ကြောင်းက မီးဝင်ရှို့တာဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်မှာတော့ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘဲ ဘောရန်ကျေးရွာ ၂ ရွာကို အင်အား ၅၀ လောက်နဲ့ မီးဝင်ရှို့တဲ့အတွက် ဘောရန်ရွာခံတွေဟာ ၂ နာရီနီးပါး လမ်းလျှောက်ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာတဲ့ ဘောရန်ကျေးရွာခံတယောက်က “မီးရှို့တဲ့အချိန် ညီမတို့က တောင်ပေါ်ကို ရောက်နေပြီ။ တောင်ပေါ်မှာပဲ ဆက်နေရမယ်လို့ ညီမတို့ထင်တာ။ ပြီးမှ တောင်ပေါ်ကိုလည်း လက်နက်ကြီးနဲ့ထုတာ၊ စာသင်ကျောင်းကိုပါထုတာ၊ ကံကောင်းလို့ တယောက်မှ ဘာမှမဖြစ်ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေအတွက် အိမ်သာနဲ့ အမိုးကာပစ္စည်း လိုအပ်ချက်တွေ မြင့်တက်နေတာပါ။
ကယ်ဆယ်ရေးသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အရေးပေါ် စားနပ်ရိက္ခာအတွက်လည်း အကူအညီ တောင်းခံထားသလို မပြေးနိုင်ဘဲ ကျန်နေခဲ့တဲ့ စစ်ရှောင်လူနာတွေ အတွက်လည်း ဆေးဝါးလိုအပ်ချက်တွေ ရှိနေပါတယ်။
မောရစ်




