Home
မြန်မာသတင်း
ရွာငံတွင် စစ်တပ်က ရွာများကို မီးရှို့ပြီး တရားလက်လွတ် ဖမ်းဆီးနေဟု SHRF ထုတ်ပြန်
DVB
·
October 20, 2025

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ကလေးသူငယ် မိန်းကလေးနဲ့ ရွာသားတွေကို တရားလက်လွတ် ဖမ်းဆီးတာတွေရှိခဲ့တယ်လို့  ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင် SHRF (Shan Human Rights Foundation) က အောက်တိုဘာ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

အဆိုပါဒေသထဲမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDF) တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ ရှိနေတာမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲချတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေအပြင် ရွာမီးရှို့တာ၊  ရွာကနေအိမ်တွေထဲ ပစ္စည်းလုတာ၊ အိမ်မွေးတိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်တာ၊ ရွာသားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ ရှိခဲ့တယ်လို့  ကြေညာချက်မှာ ဖော်ပြပါတယ်။ 

၂၀၂၅ ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ်မှ စက်တင်ဘာလကုန်ထိ ရွာငံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်  ကျောက်တော၊ ညောင်ပင်သာ၊ မင်းပလောင် စတဲ့ ကျေး ရွာတွေက နေအိမ်အလုံး ၆၀၊ စပါးကျီ ၉၀၊ စစ်ဘေးရှောင်စခန်းတခုနဲ့ တောင်ယာတဲတွေ အများအပြား ပျက်စီးခဲ့တယ်၊ မီးလောင်သွားတဲ့ စပါးတန်ဖိုး ကျပ်သိန်းပေါင်း ၁၅၀၀ ဆုံးရှုံးခဲ့တယ် လို့ ဆိုပါတယ်။ 

ဩဂုတ် ၁၈ ရက်က ကျောက်တောရွာ နဲ့ ညောင်ပင်သာရွာ လေယာဉ်နဲ့ ဗုံးကြဲခံရပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်၊ ဩဂုတ် ၂၃ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ လောက်ဟာ ကျောက်တော် ရွာထဲ ဝင်‌ရောက်ပြီး နေအိမ်ထဲက ပစ္စည်းတွေ လုယက်တာ၊ ကျွဲ နွားနဲ့ အိမ်မွေးတိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်တာ၊ ရွာကို မီးရှို့တာ လုပ်ခဲ့တယ်၊  နေအိမ် ၃၇ လုံး ပြာကျပြီး ရွာသားတွေ ရွာလုံးကျွတ် စစ်‌ဘေးရှောင်ခဲ့ကြရပါတယ်။  

စက်တင်ဘာပထမပတ်တွင်း တောထဲမှာ တဲထိုးပြီး စစ်ရှောင်နေတဲ့ မင်းပလောင်ကျေးရွာက ရွာသားတွေရှိရာကို  စစ်တပ်တွေ ဝင်လာတယ်။ စစ်ရှောင်ရွာသားတွေ နောက်ထပ် ထွက်ပြေးရပြီး သူတို့ နေခဲ့တဲ့ တဲအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်။ အဲဒီလထဲမှာပဲ ကျောက်တောရွာအနီး  ဂူထဲမှာ စစ်ဘေးရှောင် ပုန်းအောင်းနေတဲ့ ရွာသား ၆ ယောက်ကို ဖမ်းဆီးပြီး မိတ္ထီလာမြို့ကို  ခေါ်ဆောင်သွားခဲ့တယ်။ အဲဒီထဲမှာ အသက် ၈ နှစ်ရွယ် မိန်းကလေး တယောက်လည်း ပါတယ်လို့  ဆိုပါတယ်။ 

တောထဲမှာ စစ်ရှောင်နေရတဲ့ ရွာသားတွေဟာ စက်တင်ဘာ ၂၄ က မိုးသည်းထန်မြေပြိုတဲ့ ဘေးဒဏ်ပါ ခံခဲ့ရတယ်၊ ကလေး ၃ ယောက် အပါအဝင် လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ထိ ကျောက်တောနဲ့ ညောင်ပင်သာရွာမှာ တပ်စွဲထားကြတာကြောင့် ရွာသားပေါင်း ၅၀၀ ကျော် အိမ်မပြန်ရဲဘဲ တောထဲမှာ ဆက်လက်ပုန်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ အရေးပေါ်အကူအညီတွေလည်း လိုအပ်နေကြတယ်လို့  SHRF က ထုတ်ပြန်ထားပါတယ်။ 

Source: SHRF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013