ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံတွေဘက်ကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မိုင်းငေါ့အထက် လွယ်ပိန်းဘုန်းကြီးကျောင်းမှာ ဗုံး ၂ လုံး ကြဲချတယ်။ လူထိခိုက်တာ မရှိဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က နေရာ ၃ နေရာ လေကြောင်းနဲ့ ဗုံးပြန်ကြဲသွားတာလို့ သူက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “နမ့်ဆန်မှာ ဗုံးပြန်ကြဲသွားတာ ဟုတ်တယ်။ ဖိနပ်တောင် စီးချိန်မရလိုက်ဘူး၊ ပြေးရတယ်” လို့ ပြောပါတယ်။
မန်တုံမြို့မှာလည်း အောင်ချမ်းသာရပ်ကွက်မှာ ကြဲသွားပြီး ရွာတွေဘက်ကိုပါ လေကြောင်းနဲ့ ဆိုးဆိုးရွားရွား ဗုံးကြဲတိုက်ခိုက်လာနေတယ်လို့ သူက ပြောပါတယ်။
နမ့်ဆန်မှာ နေ့လယ် ၁ နာရီဝန်းကျင်က ကြဲခဲ့တာဖြစ်ပြီး မန်တုံမှာတော့ နေ့လယ် ၁ နာရီခွဲကျော်ခန့်က ကြဲသွားတယ်လို့ ဆိုပါတယ်။
နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်မှာ အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က စစ်တပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံးတလုံး ကြဲချခဲ့လို့ ဒေသခံ အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မီးသတ်ရုံး၊ လက်ဖက်စက်ရုံတရုံ၊ မီးသတ်ကား ၅ စီး၊ အိမ်စီးကား ၅ စီး အပြင် နေအိမ် ၂ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းငေါ့မြို့နယ် လွယ်ပိန်းရွာက ဘုန်းကြီးကျောင်းအနီးမှာလည်း အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချလို့ ဇရပ်နဲ့ ဘုန်းကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နမ့်ဆန် နမ္မဝေါရပ်ကွက်၊ မန်တုံ အောင်ချမ်းသာရပ်ကွက်နဲ့ မိုင်းငေါ့မြို့နယ် လွယ်ပိန်းတွေမှာ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်၊ ဘုန်းကြီးကျောင်း၊ ဇရပ်၊ မီးသတ်ရုံး၊ လက်ဖက်စက်ရုံ၊ မီးသတ်ကားနဲ့ အိမ်စီးကားတွေ ထိခိုက်ပျက်စီးသွားကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျောက်ဖားရွာအနီးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း၊ ကျောက်ဖားရွာအနီး ကြက်ခြံမှာ ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူအထိအခိုက် မရှိဘူးလို့ အနောက်ပိုင်းနေထိုင်သူ ဒေသခံတွေက ပြောပါတယ်။
အနောက်ပိုင်းမှာ နေထိုင်သူတယောက်က “ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာ၊ အဲ့နားမှာ ဘာမှမရှိဘူး၊ လူလည်း အထိအခိုက် မရှိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို အောက်တိုဘာ ၁ ရက်ကနေ ၁၉ ရက်အထိ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။






