Home
မြန်မာသတင်း
ရွှေဘိုတွင် စစ်တပ်လက်နက်ကြီးကြောင့် လူငယ် ၁ ဦး သေဆုံး
DVB
·
October 19, 2025

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ အောက်တိုဘာ ၁၈ ရက်နေ့မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ လူငယ်တယောက် သေဆုံးခဲ့ရသလို လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရွှေဘိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လက်နက်ကြီးကျည်ထိပြီး လူငယ် တယောက် ဆုံးတယ်။ ရွှေဘိုမြို့ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာတွေကို Y12 လေယာဉ်နဲ့ ဗုံးတွေ အဆက်မပြတ် ကြဲတယ်ဗျာ။ အဲဒါတွေက ၁၈ ရက်နေ့တရက်တည်းမှာပဲ ဖြစ်တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းကလည်း ရွှေဘိုမြို့ရဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေတင်းမာနေတယ်လို့ ဆိုပါတယ်။

Wetlet Informational Network ရဲ့ ပြန်ကြားရေးတာဝန်ခံက  “နေ့လယ် ၁ နာရီလောက်မှာ ရွှေဘိုမြို့ပေါ်က တထပ ၂ (အမှတ် ၂ ထောက်ပို့တပ်)ထဲကနေ တောင်ဘက်ကရွာတွေဘက်ကို ဦးတည်ပြီး ဟောင်ဝှစ်ဇာလက်နက်ကြီးတွေ နဲ့ ပစ်လိုက်တဲ့အထဲကနေ တလုံးက ပဒေါင်းရွာထဲကိုကျတယ်။ ပြေးရင်းလွှားရင်း အသက် ၂၀ လောက် လူငယ် ၂ ယောက် ကျည်ထိပြီးတော့ တ ယောက်ဆုံးသွားတယ်။ တယောက်ကတော့ အပြင်းအထန်ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့ သိရတယ်ဗျ။ တိုက်ပွဲအခြေအနေတွေကတော့ သက်ဆိုင်တဲ့တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ညနေ ၃ နာရီဝန်းကျင်မှာလည်း တံတားဦးလေတပ်ကတက်လာတဲ့ Y12 လေယာဥ်နဲ့ ရွှေဘိုမြို့နယ် တောင်ဘက်ကခြမ်းက ကျေးရွာတွေဘက်ကို ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းလည်း ရှိနေသေးတာကြောင့် ထိခိုက်ပျက်စီးတဲ့ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ အဆက်မပြတ်ပြုလုပ်နေတာကြောင့် ရွှေဘိုမြို့ တောင်ဘက်ခြမ်းမှာ ရှိကြတဲ့ ကျေးရွာတွေက ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ရွှေဘိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013