ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လေးကေ့ကော်မြို့သစ် စွယ်တော်ကုန်းကို စစ်ကောင်စီပူးပေါင်းတပ်က အောက်တိုဘာ ၁၈ ရက်ညနေပိုင်းမှာ သိမ်းပိုက်ရရှိသွားပြီလို့ ကရင်စစ်မြေပြင်သတင်းရင်းမြစ်ကနေ သိရပါတယ်။
မနေ့ ညနေ ၃ နာရီလောက်က စွယ်တော်ကုန်းကို စစ်ကောင်စီတပ် အမှတ် ၂၂ ခြေမြန်တပ်မနဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်တွေက အခု အောက်တိုဘာလဆန်းကတည်းက ထိုးစစ်ဆင်တိုက်နေတာကြောင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာပါ။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရာနဲ့ချီသေဆုံးပြီး တော်လှန်ရေးဘက်တွေကတော့ ၁၀ ယောက်ကျော် ကျဆုံးခဲ့တဲ့ အကြောင်းနဲ့ အခုလို စွယ်တော်ကုန်းကို သိမ်းပိုက်နိုင်ခဲ့လို့ စစ်ကောင်စီက လေးကေ့ကော်တခုလုံးကို ထိန်းချုပ်ထားနိုင်လိုက်ပြီ ဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဥ် ကာမီကာဇေ မောင်းသူမဲ့ အသေခံဒရုန်းတွေနဲ့ ပြည်သူ တွေရဲ့ နေအိမ်တွေ၊ ဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်သဖွယ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၈ ရက်က ဖလူးရွာ သင်္ချိုင်းကုန်းအနီးကိုလည်း စစ်တပ်က ကာမီကာဇေ ဒရုန်းနဲ့ ဗုံးနှစ်လုံး ပစ်ခတ် ပေါက်ကွဲခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
တိုက်ပွဲတွေဟာ မြန်မာ-ထိုင်းနယ်စပ်နဲ့ ကိုက် ၅၀၀ လောက်အကွာမှာ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံဘက်က ပြည်သူတွေရဲ့ နေအိမ်တချို့လည်း ကျည်ဆန်ထိမှန်ပြီး ပျက်စီးတာတွေလည်း ရှိပါတယ်။
နယ်စပ်သောင်ရင်းမြစ်အနီး နေထိုင်ကြတဲ့ စစ်ရှောင်တွေ အိမ်မပြန်ရဲတဲ့အပြင် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူတွေကို ပစ်သတ်တာတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းမှာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးပစ်ကူရယူပြီး စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းကာ စစ်ကြောင်း ၅ ကြောင်းနဲ့ လေးကေ့ကော်မြို့သစ်ကို ထိုးဖောက် ဝင်ရောက်လာတာကြောင့် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။
လေးကေ့ကော်မြို့သစ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် အနီးနားက ကျေးရွာပေါင်း ၁၀ ရွာကျော်က ရွာသား အယောက် ၃,၀၀၀ လောက် စစ်ဘေးရှောင်နေရပါတယ်။
ဖိုးစီ









