
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ မနက်စော ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ ဝန်းကျင် မောင်နှမ ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“စစ်တပ်ရဲ့ လက်နက်ကြီးကျည်ထိလို့ သေဆုံးသွားသူတွေက အသက် ၈၀ ဝန်းကျင်တွေ ရှိနေကြပြီဖြစ်တဲ့ အဘိုးအဘွားအရွယ်တွေဖြစ်ပါတယ်။ နွားထိုးကြီးမြို့နယ်ထဲမှာရှိတဲ့ ဘုရားကြီးရွာထဲက သူတို့နေတဲ့အိမ်ပေါ်ကိုအတည့်ကျပြီး ပေါက်ကွဲလို့ ဆုံးသွားကြတာပါ။ တခြားမိသားစုဝင်တချို့လည်း ရှိတယ်။ သူတို့ကတော့ ဒဏ်ရာပဲရကြတာ။ မစိုးရိမ်ရဘူးလို့ သိရတယ်။ သူတို့အိမ်အပါအဝင် ဘေးပတ်ဝန်းကျင်က အိမ် ၅ လုံးလောက်လည်း ပျက်စီးသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သေဆုံးသွားကြသူတွေဟာ အသက် ၈၀ အရွယ် ဒေါ်သောင်းကြည် နဲ့ အသက် ၇၅ နှစ်အရွယ် ဦးလှသိန်း တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီတုန်းက ပြင်စည်ရဲစခန်းထဲကနေ လက်နက်ကြီး ၄ လုံး ပစ်တယ်။ အဲဒီထဲက တလုံးက အခုသေသွားကြတဲ့ ဦးလှသိန်းတို့အိမ်ပေါ်ကို အတည့်ကျတာပါ။ ထပ်ကျမှာ ကြောက်ကျလို့ အဲဒီရွာထဲက ပြည်သူ ၁၀၀၀ ကျော်လောက်ကတော့ ထွက်ပြေးသွားကြပြီ။ အဲဒီရွာဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်နေတာမရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နွားထိုးကြီးမြို့နယ်ထဲကို မြေပြင်ကနေ စစ်ကြောင်းထိုး ဝင်ရောက်နေတာတွေအပြင် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ရေးအခြေအနေတင်းမာနေတဲ့ နေရာတွေလည်းရှိနေတယ်လို့ ဆိုပြောပါတယ်။
နွားထိုးကြီးမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိအမြဲရှိကြဖို့နဲ့ ဗုံးခိုကျင်းတွေ မဖြစ်မနေတူးထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေးထုတ်ပြန်ထားပါတယ်။




