Home
ဆောင်းပါး
စစ်တပ်ရဲ့ ခေတ်အဆက်ဆက် ကျော့ကွင်းကို ကျော်နင်းနိုင်မလား
DVB
·
October 18, 2025
Design: DVB

တော်လှန်ရေး၏ လမ်းဆုံလမ်းခွ

မြန်မာ့သမိုင်းတလျှောက် အပြင်းထန်ဆုံး၊ အကျယ်ပြန့်ဆုံး နွေဦးတော်လှန်ရေးသည် အဆုံးအဖြတ် ပေးမည့် လမ်းဆုံလမ်းခွတခုသို့ ရောက်ရှိနေပါပြီ။ တဖက်တွင် စစ်ကောင်စီသည် ၎င်းတို့၏ ယန္တရားတခုလုံးကို တတ်နိုင်သမျှ ပြန်လည်စုစည်းလာသည်။ ထိုးစစ်များကို ယခင်ကထက် ပိုမိုပြင်းထန်၊ ပိုမိုစနစ်ကျစွာ ဆင်နွှဲလာသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားသော တိုင်းရင်းသားဒေသများတွင် တော်လှန်ရေးအင်အားစုများ၏ အသက်၊ သွေး၊ ချွေးဖြင့် သိမ်းပိုက်ခဲ့သော နယ်မြေများ တခုပြီးတခု ပြန်လည်လက်လွတ် ဆုံးရှုံးနေရကြောင်း သတင်းများတွင် ကြားသိနေရသည်။

ဤသည်မှာ စစ်ရေးအရ ထိုးနှက်ချက်ဖြစ်ရုံသာမက တော်လှန်ရေး၏‌ အလားအလာကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ဤသို့သော အခြေအနေတွင် တော်လှန်ရေးအင်အားစုများ အကြား မရှိမဖြစ် လိုအပ်နေသည်မှာ မဟာဗျူဟာမြောက် ညီညွတ်မှုပင် ဖြစ်သည်။ သို့တိုင် ထိုအရေးကြီးဆုံးအရာကို ယနေ့အထိ အကောင်အထည်မဖော်နိုင်သေး။ အဖွဲ့အစည်းငယ်များ၊ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များကြားတွင် သာမက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကြီးများ (EAOs) ကြားတွင်ပင် မယုံကြည်မှု၊ သဘောထား ကွဲလွဲမှုများနှင့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ အမြစ်တွယ်နေဆဲ ဖြစ်သည်။

မကြာသေးမီက နိုင်ငံရေးသုံးသပ်ချက် ဗီဒီယိုတခုတွင် သုံးသပ်သူတဦး၏ တင်ပြချက်မှာ ဤအခြေအနေကို မှန်ဘီလူးဖြင့် ထောက်ပြလိုက်သကဲ့သို့ ရှိသည်။ သူက တော်လှန်ရေး၏ အောင်ပွဲကို “ဧကန်သဘော” နှင့် “အနေကန်သဘော” ဟူ၍ ရှုထောင့်နှစ်ခုဖြင့် ရှင်းပြသွားသည်။ “ဧကန်သဘော” ဆိုသည်မှာ အာဏာရှင်စနစ်၏ ရက်စက်မှုနှင့် ပြည်သူလူထု၏ မယိုင်လဲသော တော်လှန်လိုစိတ်တို့ကြောင့် နောက်ဆုံးတွင် ပြည်သူ့တော်လှန်ရေး မုချအောင်မြင်မည် ဆိုသည့်သဘော ဖြစ်သည်။ “အနေကန်သဘော” မှာမူ ထိုအောင်ပွဲဆီ သွားရာလမ်းမှာ ဖြောင့်ဖြူးနေမည် မဟုတ်ဘဲ တော်လှန်ရေးဦးဆောင်သူများ၏ မဟာဗျူဟာ၊ စည်းလုံးညီညွတ်မှု၊ နိုင်ငံတကာအခြေအနေကို အသုံးချနိုင်စွမ်းနှင့် အနစ်နာခံမှုတို့အပေါ်တွင် လုံးဝမူတည်နေသည် ဟူသော အချက်ပင်ဖြစ်သည်။ ယခု ကျနော်တို့ ရင်ဆိုင်နေရသည်မှာ ထို “အနေကန်” လမ်းကြောင်း၏ အခက်ခဲဆုံးအပိုင်းပင် ဖြစ်သည်။

သမိုင်း၏ ပဲ့တင်သံ- မညီညွတ်မှု၏ အမွေဆိုး

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးခေတ် သမိုင်းသည် ပြည်တွင်းစစ် စတင်သည့်သမိုင်းဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာတိုင်းရင်းသားခေါင်းဆောင်များနှင့် အခြား တိုင်းရင်းသားခေါင်းဆောင်များ အကြား ရရှိခဲ့သော သဘောတူညီချက်၏ အနှစ်သာရမှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် အာဏာရလာသော ဗမာအစိုးရအဖွဲ့ဝင်တချို့က ပင်လုံကတိကဝတ်ကို ချိုးဖောက်ခဲ့ရာမှ တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေး စတင်ပေါက်ဖွားလာခဲ့သည်။ ထိုစဉ်ကလည်း အစောပိုင်းတိုက်ပွဲများတွင် တော်လှန် တိုက်ခိုက်သူများဘက်က အသာစီးရခဲ့သည်။ သို့သော် အချင်းချင်း မယုံကြည်မှုများ၊ သဘောထားကွဲလွဲမှုများ အတ္တမာန ထောင်လွှားမှုများကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပေ။ နောက်ဆုံး တော်လှန်ရေးအင်အားစုများ ကတ္တရာလမ်းပေါ်မှ ဆင်းကာ တောခိုခဲ့ကြရသည်အထိ ဖြစ်သွားရသည်။ ဤပြည်တွင်းစစ်ကာလအတွင်း စစ်တပ်၏ အခန်းကဏ္ဍမှာ အရေးပါမှန်းမသိ အရေးပါလာခဲ့ပေတော့သည်။ ဤသည်နှင့်အတူ စစ်အာဏာရှင်စနစ်သည်လည်း မွေးဖွားလာခဲ့တော့သည်။

၁၉၆၂ တွင် ပထမဆုံးအကြိမ် ပေါ်ပေါ်ထင်ထင် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် “သွေးခွဲအုပ်ချုပ်ရေး” (Divide and Rule) ကို အဓိကလက်နက်အဖြစ် အသုံးချခဲ့သည်။ အင်အားငယ်သည့်အဖွဲ့များကို ရေဆုံးမြေဆုံး ဖိတိုက်သည်၊ ချေမှုန်းသည်။ အင်အားကြီးအဖွဲ့များကို အနုနည်းဖြင့် ဖြိုခွဲသည်။ တဖွဲ့ချင်း၊ တစိတ်ချင်း ပဲ့ကျသွားအောင် သပ်လျှို သွေးခွဲသည်။ ဒါတွေမက၊ တဖွဲ့ချင်းစီ သီးခြားတွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေးစာချုပ်များ ချုပ်ဆိုသည်။ စီးပွားရေးလုပ်ပိုင်ခွင့်များ ခွဲဝေပေးသည်။ လူမျိုးရေး၊ ဘာသာရေးဖြင့် သွေးခွဲသည်။ ဤနည်းဖြင့် ညီညွတ်သော တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစုတရပ် ပေါ်ပေါက်မလာစေရန် အစဉ်တစိုက် ဟန့်တားခဲ့သည်။ စစ်တပ်၏ နည်းဗျူဟာကြောင့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များသည် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော်လည်း တဖွဲ့နှင့်တဖွဲ့အကြား နယ်မြေအငြင်းပွားမှု၊ သဘောတရားရေးရာ ကွဲလွဲမှုများနှင့် သမိုင်းအမွေ ဆက်ခံလာသော မယုံကြည်မှုများကြောင့် စုစည်းညီညွတ်သော စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုတရပ်ကို မတည်ဆောက်နိုင်ခဲ့ကြပေ။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးသည် ပြည်သူလူထုတရပ်လုံး၏ စုစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော်လည်း နိုင်ငံရေးဦးဆောင်မှု ကင်းမဲ့ခြင်း၊ စနစ်တကျ ဖွဲ့စည်းထားသော လက်နက်ကိုင်အင်အားစု၏ အကာအကွယ် မရှိခဲ့ခြင်းကြောင့် ရက်စက်စွာ ဖြိုခွင်းခံခဲ့ရသည်။ ထိုစဉ်က တောခိုခဲ့သော ကျောင်းသားတပ်မတော် ABSDF ပင်လျှင် အဖွဲ့တွင်း သဘောထား ကွဲလွဲမှုများနှင့် စစ်တပ်၏ ထိုးဖောက်သပ်လျှိုမှုများကြောင့် ပြိုကွဲခဲ့ရသည်။ ဤသင်ခန်းစာမှာ ယနေ့တိုင် ခါးသီးနေဆဲ ဖြစ်သည်။

ဤသမိုင်းအတွေ့အကြုံများအရ မြန်မာ့တော်လှန်ရေး၏ အကြီးမားဆုံးရန်သူမှာ စစ်အာဏာရှင်စနစ် ဖြစ်သကဲ့သို့ အကြီးမားဆုံး အားနည်းချက်မှာ မိမိတို့အချင်းချင်းကြားရှိ မညီညွတ်မှုပင် ဖြစ်သည်။ CDM ဗိုလ်ကြီးဇင်ယော်၏ ပြောဆိုချက်အရ ၂၀၁၉ လောက်တုန်းက AA နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေစဉ် “အခု AA လို တခြားလက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး သူတို့အထက်အရာရှိ ဗိုလ်ချုပ်တွေကို မေးကြသည်။ ထိုအခါ ဗိုလ်ချုပ်တွေက “မင်းတို့ တိုက်စရာရှိတာ တိုက်၊ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေ အားလုံးပေါင်းပြီး စစ်တပ်ကို တိုက်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းတို့က တိုက်စရာရှိတာ တိုက်၊ ငါတို့က လုပ်စရာရှိတာ လုပ်မယ်” ဟူ၍ ပြောကြားခဲ့သတဲ့။ အဲဒီစကားကလည်း ကျနော်တို့ ကြုံတွေ့ကြရသော အခြေအနေအရ မှန်တယ်ဟုပင် ဆိုရတော့မည် ဖြစ်သည်။

မျက်မှောက်ခေတ် စစ်မြေပြင်နှင့် စစ်ကောင်စီ၏ မဟာဗျူဟာ

နွေဦးတော်လှန်ရေး အစောပိုင်းကာလများတွင် တော်လှန်ရေးအင်အားစုများ၏ ပြောက်ကျား စစ်ဆင်မှုများနှင့် မြို့ပြပြောက်ကျား လှုပ်ရှားမှုများကြောင့် စစ်ကောင်စီတပ်များသည် အထိနာခဲ့သည်။ ၂၀၂၃ နှောင်းပိုင်း၊ ၂၀၂၄ ခုနှစ်စပိုင်းများတွင် ဆိုလျှင် တော်လှန်ရေးကြီးအောင်ဖို့ လက်တကမ်းပဲ လိုတော့မည်ဟုပင် ပြည်သူအများစုက ယုံမှတ်ခဲ့ကြသည်။ တကယ်လည်း ထိုအချိန်က တော်လှန်ရေး၏ ဒီရေလှိုင်းမှာ အရှိန်အဟုန်ဖြင့် တရိပ်ရိပ် တက်လာခဲ့သည်။ စစ်တပ်ကို အထင်မသေးဖို့ ပြောခဲ့သော ပြည်တွင်း ပြည်ပ ဝေဖန်သူတချို့ကပင်လျှင် တော်လှန်ရေးတပ်များ၏ တိုက်စွမ်းရည်ကို အံ့ဩချီးကျူးခဲ့ကြရသည်။ သို့သော် သိပ်မကြာလိုက်ပါ။ တရုတ်၏ ကြားဝင်စွက်ဖက်မှုနှင့်အတူ တော်လှန်ရေး၏ဒီရေမှာ အရှိန်အဟုန် လျော့နည်းလာခဲ့ရသည်။ အခုဆိုလျှင် ဆန့်ကျင်ဘက်အနေအထား ရောက်သွားသလားလို့ပင် ထင်မှတ်ရသည်။ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၏ တရုတ်ဖိအားကို မလွန်ဆန်နိုင်မှု၊ တရုတ်၏ စစ်ကောင်စီအပေါ် စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ နည်းပညာ အဘက်ဘက်ကနေ ပြောင်ပြောင်တင်းတင်း ပံ့ပိုးကူညီမှုများကြောင့် စစ်ကောင်စီမှာ နာလန်ထလာတော့သည်။ ယခုလို ရွေးကောက်ပွဲမကျင်းပမီ လပိုင်းအလိုမှာပင် စစ်ကောင်စီ၏ ထိုးစစ်အရှိန်မှာ အတော်ပင် ပြင်းထန်လာခဲ့သည်။ စစ်ကောင်စီ၏ မဟာဗျူဟာမှာ တမျိုးပြောင်းလာခဲ့ပြီ ဖြစ်သည်။

စစ်မှုထမ်းဥပဒေ၏ တချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်ချက်

ဤဥပဒေသည် စစ်သားဦးရေ ဖြည့်တင်းရန်အတွက်သာမက နိုင်ငံရေးနှင့် စိတ်ဓာတ်ရေးရာအရပါ ဖြိုခွင်းလိုသော နက်ရှိုင်းသည့် ရည်ရွယ်ချက်များ ပါဝင်သည်။ ပြည်သူလူထုအတွင်း အကြောက်တရားများ ရိုက်သွင်းခြင်း၊ မိသားစုများကို ပြိုကွဲစေခြင်း၊ လူငယ်များကို တော်လှန်ရေးနှင့် ကင်းကွာသွားစေရန် တွန်းပို့ခြင်း၊ မြန်မာနိုင်ငံသားအချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုတ်ကာ တိုက်ခိုက်စေခြင်း စသည့် စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တခုအဖြစ် အသုံးချနေသည်။ စစ်ရေးအရကြည့်လျှင်လည်း အခြေခံသင်တန်းသာ တက်ရောက်ထားသော လူငယ်များကို ရှေ့တန်းသို့ “လူသားလှိုင်း” အဖြစ် တွန်းပို့ကာ အသေခံခိုင်းသည်။ ဒါတင်မက တော်လှန်ရေးတပ်ဖွဲ့များကို ကျည်ကုန်ခန်းစေရန်နှင့် စစ်ပန်းသွားစေရန်လည်း ရည်ရွယ်သည်။ တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် မိမိတို့ ပြည်သူလူထုထဲမှ ပေါက်ဖွားလာသော လူငယ်များကို ပြန်လည်တိုက်ခိုက်ရသည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကိုပါ ဖြစ်ပေါ်စေသည်။

နည်းပညာစစ်ဆင်ရေး (Drone Warfare)

၂၀၂၄ ခုနှစ် အစောပိုင်းအထိ ဒရုန်းလက်နက်ဆိုသည်မှာ တော်လှန်ရေးလူငယ်များကသာ အသုံးပြုနိုင်သော အသုံးပြုတတ်သော ဗျူဟာကျ လက်နက်တခု ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်ပွဲတော်တော်များများတွင် အဆိုပါလက်နက်ကြောင့် စစ်ကောင်စီတို့ အတော်လေး အထိနာခဲ့ရသည်။ စစ်ကောင်စီတို့ ကြောက်ရသည့် လက်နက်ထဲတွင် ဒရုန်းအပါအဝင် ဖြစ်သည်။ သို့သော် ၂၀၂၄ ခုနှစ် နောက်ပိုင်းတွင်မူ အခြေအနေတွေမှာ တမျိုးပြောင်းလာပြန်သည်။ စစ်ကောင်စီသည် ၎င်းတို့၏ မြေပြင်တပ်များ စိတ်ဓာတ်ကျဆင်းနေမှုနှင့် ကျွမ်းကျင်မှု အားနည်းခြင်းတို့ကို ရုရှား၊ တရုတ်၊ ဘယ်လာရုစ်တို့ထံမှ ရရှိလာသော နည်းပညာများဖြင့် အစားထိုးလာသည်။ ဖာထေးပြုပြင်လာသည်။ အဆိုပါ အဆင့်မြင့် တိုက်ခိုက်ရေးဒရုန်းများ၊ နည်းပညာပစ္စည်းများက တော်လှန်ရေးတပ်ဖွဲ့များ၏ ခံစစ်စခန်းများ၊ ထောက်ပံ့ရေး လမ်းကြောင်းများနှင့် အခြေစိုက်ရာ စစ်ရုံးများကိုပင် အလွယ်တကူ ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်း ရှိလာသည်။ ဒါ့အပြင် gyrocopter, paramotor ကဲ့သို့ လေကြောင်းယာဉ်များကိုပါ အသုံးပြုပြီး တိုက်ခိုက်လာခဲ့သည်။

ဤမဟာဗျူဟာနှစ်ရပ်ကို ပေါင်းစပ်သုံးသပ်ကြည့်လျှင် စစ်ကောင်စီသည် ၎င်းတို့၏ အရေအတွက် အသာစီးနှင့် နည်းပညာအသာစီးကို အသုံးချ၍ တော်လှန်ရေးအင်အားစုများ၏ စိတ်ဓာတ်နှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို တဖြည်းဖြည်း ချည့်နဲ့သွားစေရန် ရည်ရွယ်လုပ်ဆောင်နေသည်မှာ ထင်ရှားပေသည်။

နိုင်ငံတကာ ဖြစ်စဉ်များမှ သင်ခန်းစာ- ပေါင်းစည်းခြင်းနှင့် ပြိုကွဲခြင်း

ကမ္ဘာ့သမိုင်းတွင် တော်လှန်ရေးများနှင့် ပြည်တွင်းစစ်များစွာ ဖြစ်ပွားခဲ့ရာ ညီညွတ်မှု၏ အရေးပါပုံကို မီးမောင်းထိုးပြနေသော အောင်မြင်သည့် ဥပမာများ၊ ကျရှုံးခဲ့ရသည့် ကြေကွဲဖွယ် ဥပမာ များစွာရှိသည်။

ဗီယက်နမ်-အမေရိကန် ကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံကို အနိုင်တိုက်နိုင်ခဲ့သည့် ဗီယက်နမ်စစ်ပွဲတွင် ဗီယက်ကောင်း (Viet Cong) တို့၏ အောင်မြင်မှုသော့ချက်မှာ “တပ်ပေါင်းစု” (United Front) မဟာဗျူဟာပင် ဖြစ်သည်။ ၎င်းတို့သည် ကွန်မြူနစ်၊ အမျိုးသားရေးသမား၊ ဆိုရှယ်လစ်၊ လယ်သမား၊ ကျောင်းသား၊ ဘာသာရေးအဖွဲ့အစည်းများ အားလုံးကို ဘုံရန်သူဖြစ်သော နယ်ချဲ့အစိုးရကို တော်လှန်ရန်ဟူသော နိုင်ငံရေးရည်မှန်းချက် တခုတည်းအောက်တွင် စုစည်းနိုင်ခဲ့သည်။ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ကျယ်ပြန့်သော တပ်ပေါင်းစုကို တည်ဆောက်နိုင်ခဲ့သောကြောင့် ပြည်သူလူထု၏ အလုံးစုံထောက်ခံမှုကို ရရှိခဲ့ပြီး နောက်ဆုံးတွင် အောင်ပွဲခံနိုင်ခဲ့သည်။

တောင်အာဖရိက- လူမျိုးရေးခွဲခြားမှု အသားအရောင်ခွဲခြားမှု (Apartheid) စနစ်ကို တော်လှန်ခဲ့သော တောင်အာဖရိကတွင် နယ်လ်ဆင်မင်ဒဲလား ဦးဆောင်သော အာဖရိက အမျိုးသားကွန်ဂရက် (ANC) သည် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ ဖိအားပေးမှုများကိုပါ တစုတစည်းတည်းဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့သည်။ ၎င်းတို့၏ တော်လှန်ရေးသည် စစ်ရေးသက်သက်မဟုတ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သံတမန်ရေးရာ ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်သော “ဘက်ပေါင်းစုံတော်လှန်ရေး” ဖြစ်ခဲ့သည်။

စပိန်ပြည်တွင်းစစ်- ၁၉၃၆ မှ ၁၉၃၉ ခုနှစ်အထိ ဖြစ်ပွားခဲ့သော စပိန်ပြည်တွင်းစစ်သည် ညီညွတ်မှုမရှိခြင်းကြောင့် တော်လှန်ရေးတရပ်လုံး ပျက်သုဉ်းသွားရပုံကို ပြသနေသည့် အလွန်ခါးသီးသော သမိုင်းဝင်သင်ခန်းစာ ဖြစ်သည်။ ထိုစစ်ပွဲတွင် ရွေးကောက်ခံ ရီပတ်ဘလစ်ကန်အစိုးရကို ကာကွယ်သူများဘက်၌ ကွန်မြူနစ်များ၊ ဆိုရှယ်လစ်များ၊ မင်းမဲ့ဝါဒီ (Anarchists) စသည့် သဘောတရားရေးရာ မတူညီသော အဖွဲ့အစည်းများစွာ ပါဝင်ခဲ့သည်။ သို့သော် ၎င်းတို့သည် ဘုံရန်သူဖြစ်သော ဗိုလ်ချုပ်ဖရန်ကို၏ ဖက်ဆစ်နေရှင်နယ်လစ် (Nationalist) တပ်များကို တညီတညွတ်တည်း တိုက်ခိုက်ရမည့်အစား မိမိတို့အချင်းချင်းကြား သဘောတရားရေးရာ အသာစီးရရေးနှင့် အာဏာလုမှုများကြောင့် အချင်းချင်း ပြန်လည်တိုက်ခိုက်ခြင်း၊ သုတ်သင်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ အတွင်းပဋိပက္ခများသည် ၎င်းတို့၏ စစ်ရေးအင်အားနှင့် စိတ်ဓာတ်ကို အကြီးအကျယ် ချည့်နဲ့သွားစေခဲ့ပြီး နောက်ဆုံးတွင် ဖရန်ကို၏ ဖက်ဆစ်တပ်များ အောင်ပွဲခံသွားစေရန် အဓိကအကြောင်းအရင်းတခု ဖြစ်လာခဲ့သည်။ ဤဖြစ်ရပ်က ဘုံရန်သူကို မတိုက်ခိုက်ဘဲ အချင်းချင်းကြား သဘောတရားရေးရာ အနိုင်ကျင့်မှုများသည် တော်လှန်ရေးတရပ်လုံးကို မည်သို့ဖျက်ဆီးနိုင်ကြောင်း ပြင်းထန်စွာ သတိပေးနေသည်။

နောက်ဆုံးရွေးချယ်မှု- “ပေါင်းမလား၊ သေမလား” ကို မဟာဗျူဟာအမြင်ဖြင့် ချဉ်းကပ်ခြင်း

“ပေါင်းမလား၊ သေမလား” ဟူသော စကားသည် ကြွေးကြော်သံသက်သက်မဟုတ်၊ သမိုင်းနှင့် နိုင်ငံတကာ အတွေ့အကြုံများက အတည်ပြုထားသော မဟာဗျူဟာမြောက် အမှန်တရား ဖြစ်သည်။ “ပေါင်းခြင်း” ဟုဆိုရာတွင် အဖွဲ့အစည်းအားလုံး မိမိတို့၏ အမှတ်သညာကို ဖျက်သိမ်းပြီး တဖွဲ့တည်းအဖြစ် ပေါင်းစည်းရမည်ဟု ဆိုလိုခြင်းမဟုတ်။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ဆိုလိုသည်။ ၎င်းတွင် အောက်ပါအချက်များ ပါဝင်ရမည်။

၁။ ဘုံနိုင်ငံရေးရည်မှန်းချက်

အဖွဲ့အစည်းအားလုံး လက်ခံနိုင်သော “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး” ကဲ့သို့သော တိကျခိုင်မာသည့် နိုင်ငံရေးသဘောတူညီချက်တရပ် မဖြစ်မနေ လိုအပ်သည်။ ဤရည်မှန်းချက်သည် တော်လှန်ရေးပြီးဆုံးသည့်အခါ အာဏာခွဲဝေရေး၊ အရင်းအမြစ်ခွဲဝေရေးနှင့် နိုင်ငံတော်၏ အနာဂတ်ပုံစံတို့ကို အာမခံချက် ပေးနိုင်ရမည်။ မြန်မာတွေက မြန်မာအချင်းချင်း မတည့်တဲ့အခါကျမှပဲ ငါတို့တိုင်းရင်းသားတွေဆီကို ပြေးကပ်တယ်ဆိုသည့် အမြင်အစွဲမျိုး ထပ်မံဖြစ်မလာအောင် အမျိုးသားညီညွတ်ရေးအင်အားစုဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစားရမည် ဖြစ်သည်။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ၎င်းတို့ တိုင်းရင်းသားအဖွဲ့ အချင်းချင်းကြား၊ မြန်မာနိုင်ငံရေးခေါင်းဆောင်များကြား ပွင့်ပွင့်လင်းလင်းနှင့် အမြော်အမြင်ရှိရှိ ဆွေးနွေးဖို့လည်း အထူးလိုအပ်လာသည်။ သမိုင်း၏အနာဖေးများ ဒဏ်ရာဒဏ်ချက်များထဲတွင် စိတ်နှစ်ထားကာ ပစ္စုပ္ပန်တည့်တည့်ကို လျစ်လျူရှုထားပါက အားလုံး၏ အနာဂတ်မှာ စစ်အာဏာရှင်တို့၏ လက်ထဲတွင်သာ ရှိသွားလိမ့်မည်ဖြစ်ကြောင်း နှလုံးသွင်းထားကြဖို့ လိုပါသည်။ စစ်အာဏာရှင်စနစ်ရှိနေသရွေ့ မည်သည့်လွတ်လပ်ခွင့် အစစ်အမှန်ကိုမှ ရရှိလာမည်မဟုတ်ပါ။

၂။ ပူးတွဲစစ်ရေး ဖော်ဆောင်မှု

အနည်းဆုံးအားဖြင့် အဓိကထိုးစစ်ကြီးများ ဆင်နွှဲသည့်အခါတွင် အဖွဲ့အစည်းအားလုံး၏ တပ်ဖွဲ့များက လိုက်နာရမည့် ပူးတွဲစစ်ရေးဖော်ဆောင်မှု သို့မဟုတ် ပေါင်းစပ်ညှိနှိုင်းရေး ယန္တရားတရပ် ရှိရမည်။ ဒါမှသာ အင်အားစုစုစည်းစည်းဖြင့် ရန်သူကို နေရာအနှံ့ တပြိုင်နက်တည်း ဖိအားပေးနိုင်မည် ဖြစ်သည်။ ကချင်ဘက်က တိုက်နေပေမဲ့ ကရင်ဘက်က ရပ်နေတာမျိုး၊ ရခိုင်ဘက်က တိုက်နေပေမဲ့ ရှမ်းမြောက်မှာ ငြိမ်သက်နေတာမျိုး ဖြစ်နေလို့မရတော့ပါ။ အတတ်နိုင်ဆုံး အချိတ်ဆက်မိမိ ဟန်ချက်ညီညီတိုက်ကြဖို့ အရေးကြီးပါသည်။ မဟုတ်လျှင် တိုက်ပွဲတွေ ရှုံးသွားရုံသာမကဘဲ အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုကိုပင် ဖြစ်စေပါလိမ့်မည်။ ပြည်သူတွေကလည်း စိတ်ချမ်းသာမည်မဟုတ်။

၃။ အရင်းအမြစ်များကို မျှဝေသုံးစွဲခြင်း

လက်နက်ခဲယမ်း၊ ဘဏ္ဍာငွေ၊ ထောက်လှမ်းရေးသတင်းနှင့် နည်းပညာတို့ကို အဖွဲ့အစည်းများ အကြား ပွင့်လင်းမြင်သာစွာ မျှဝေသုံးစွဲသည့် စနစ်တရပ်ကို ထူထောင်ရမည်။ အင်အားကြီးသောအဖွဲ့က အင်အားငယ်သောအဖွဲ့ကို ကူညီထောက်ပံ့ခြင်းဖြင့် တိုက်ပွဲတိုင်းကို တော်လှန်ရေးတခုလုံး၏ တိုက်ပွဲအဖြစ် သဘောထားရမည်။ တချို့သောအဖွဲ့များက ငါတို့က အင်အားကြီးတယ်၊ ငါတို့ပဲ လက်ဝါးကြီးအုပ်ထားမယ် ဆိုသည့် စဉ်းစားချက်မျိုးဖြင့် ဆက်ဆံနေတာကိုလည်း ကြားသိရပါသည်။ ဒါကလည်း ညီညွတ်ရေးကို ကွဲပြားသွားစေသည့် အချက်တချက် ဖြစ်သည်။ အားလုံးက စစ်အာဏာရှင်စနစ်ကို တကယ် ရွပ်ရွပ်ချွံချွံ တိုက်နေကြတာဆိုလျှင် အချင်းချင်း ဖေးမကူညီရမည်။ ငါ့အဖွဲ့ ငါတို့ရှာထားတဲ့ဟာ ဆိုပြီး ငါတကော ကောနေလျှင် တော်လှန်ရေးက ရှေ့သို့ တက်လှမ်းနိုင်မည် မဟုတ်တော့။ ဖြစ်နိုင်လျှင်တော့ အချင်းချင်း စကားများများပြောကြဖို့ လိုသည်။ စကားများများပြောမှ ကိုယ့်အခက်အခဲ သူ့အခက်အခဲနှင့်တကွ နားလည်မှုလွဲနေတာတွေကိုပါ ပြင်ဆင် ထိန်းကျောင်းသွားမည် ဖြစ်သည်။ စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်သရွေ့ မင်းလည်းအတူတူ ငါလည်းအတူတူဟု သဘောထားရပေမည်။

၄။ အချင်းချင်းတိုက်ခိုက်မှုများ ချက်ချင်းရပ်စဲရေး

မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်ပါစေ တော်လှန်ရေးအင်အားစုအချင်းချင်း နယ်မြေလု တိုက်ခိုက်ခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်းများကို ချက်ချင်းရပ်တန့်ရမည်။ အားလုံး၏ သေနတ်ပြောင်းဝသည် ဘုံရန်သူဖြစ်သော စစ်ကောင်စီထံသို့သာ ဦးတည်ထားရမည်ဖြစ်သည်။ အခုအခြေအနေတွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ပင်လျှင် မိမိတိုက်ခိုက် သိမ်းပိုက်ပြီးသည့် နေရာများနှင့် ပတ်သက်လာလျှင် နည်းနည်းလေးမှ အထိမခံ။ တခါတလေတော့လည်း ကျနော်တို့က သနားစရာပင် ကောင်းသေးသည်။ စစ်အဏာရှင်စနစ် အပြီးတိုင် မချုပ်ငြိမ်းသေးဘဲနဲ့ ငါ့မြေ သူ့မြေဆိုပြီး ရန်စောင်နေကြသည်မှာ ရပ်ကွက်ထဲက ကလေးတွေ ကစားနေတဲ့အတိုင်းပင် ဖြစ်တော့သည်။

သမိုင်းထောင်ချောက်မှ လွတ်မြောက်နိုင်မလား

မြန်မာ့နွေဦးတော်လှန်ရေးသည် စိတ်ဓာတ်နှင့် ဇွဲလုံ့လ သက်သက်ဖြင့် အောင်ပွဲခံနိုင်မည့်အဆင့်ကို ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။ ယခုအချိန်သည် စစ်ကောင်စီ၏ စနစ်ကျသော မဟာဗျူဟာကို ပိုမိုကောင်းမွန်သည့် မဟာဗျူဟာဖြင့် တန်ပြန်ရမည့်အချိန် ဖြစ်သည်။ သမိုင်း၏ သင်ခန်းစာများနှင့် နိုင်ငံတကာ၏ အတွေ့အကြုံများအရ ညီညွတ်ရေးသည်သာလျှင် တော်လှန်ရေး၏ တခုတည်းသော အသက်သွေးကြောဖြစ်ကြောင်း တညီတညွတ်တည်း ညွှန်ပြနေသည်။

တော်လှန်ရေးကို ဦးဆောင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များ အနေဖြင့် မိမိတို့၏ အဖွဲ့အစည်းဆိုင်ရာ အတ္တများ၊ သမိုင်းရန်ငြိုးများနှင့် ရေတိုအကျိုးစီးပွားများကို ခေတ္တဘေးဖယ်ထားဖို့ လက်ရှိအခြေအနေအရ အပြင်းအထန် တောင်းဆိုနေပြီ ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူလူထုတရပ်လုံး၏ အနာဂတ်ကို ရှေးရှုရန်အတွက် သမိုင်းပေးတာဝန်ကို ကျေပွန်ရမည့်အချိန် ဖြစ်သည်။ ဗီယက်နမ်နှင့် တောင်အာဖရိကကဲ့သို့ စုစည်းညီညွတ်မှုဖြင့် အောင်ပွဲခံမလား၊ သွေးကွဲမှုဖြင့် ကျရှုံးသွားမလား ဆိုသည့် ရွေးချယ်မှုသည် ၎င်းတို့၏ ပခုံးထက်သို့ ကျရောက်နေပြီ ဖြစ်သည်။ မြန်မာ့သမိုင်းတလျှောက် စစ်အာဏာရှင်တို့ အကြိမ်ကြိမ် ထောင်ဖမ်းခဲ့သော သွေးကွဲရေး၊ ပြိုကွဲရေး ဆိုသည့် ထောင်ချောက်ကနေ ဒီတကြိမ် လွတ်မြောက်အောင် ရုန်းထွက်နိုင်မည်လား။ သို့မဟုတ် ယခင်တုန်းကလို ထောင်ချောက်တွင် ပြန်လည်အဖမ်းခံရဦးမည်လား။ ဒါကတော့ လက်ရှိ တော်လှန်ရေးခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမှု၊ သဘောထားကြီး စွန့်လွှတ်အနစ်နာခံမှုများအပေါ်တွင် လုံးလုံးလျားလျား မူတည်နေပါတော့သည်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024