
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ရောက်ဖို့ ၃ မိုင်လောက်ပဲဝေးတော့တဲ့ နားခဲရွာအထိရောက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
လက်ရှိအခြေအနေက စစ်တပ်က လေကြောင်းကနေ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကို တောက်လျှောက်လုပ်နေသလို လက်နက်ကြီးနဲ့ ဒရုန်းတွေကိုလည်း အလွန်အကျွံသုံးစွဲနေတာကြောင့် ရေရှည်တောင့်ခံထားဖို့ကလည်း မလွယ်ကူဘူးလို့ မြေပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“သီပေါနဲ့က တော်တော်နီးပြီလို့ ပြောလို့ရပါတယ်။ ခုသူတို့ရောက်နေတဲ့ နားခဲရွာက သီပေါနဲ့ဆို သုံးမိုင်ဝန်းကျင်ပဲ။ တိုက်ပွဲကလည်း ဆက်ပြင်းထန်နေပါတယ်။ ရေရှည်တောင့်ခံဖို့ လွယ်မလားဆိုရင် သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံးတော့ ခုခံနေပါတယ်။”
၁၀၂၇ စစ်ဆင်ရေးကာလဟာ စစ်ရေးအရ အမြင့်ဆုံးအရှိန်ကို ရောက်ရှိခဲ့တာဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်မှုရှိလာတဲ့နောက်မှာတော့ စစ်ရေးအရှိန်ဟာ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုကြောင့်ပဲ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိက သုံးဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ MNDAA နဲ့ စစ်ကောင်စီအကြား အပစ်ရပ်သွားခဲ့တာက ရှမ်းမြောက်စစ်ရေးရဲ့ ချိန်ခွင်လျှာအပြောင်းအလဲကို ဖြစ်စေခဲ့တဲ့ အဓိကအချက်ဖြစ်ပါတယ်။
တရုတ်ကြားဝင်မှုကြောင့်ပဲ တော်လှန်ရေးအင်အားစုတွေသိမ်းထားတဲ့ လားရှိုးကို သေနတ်တချက်မှ မဖောက်ရဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ရပါတယ်။
အဲဒီနောက် စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အများစုကို တရုတ်ကြားဝင်တဲ့ ဆွေးနွေးပွဲတွေမှာ ပြန်တောင်းခဲ့ပါတယ်။ TNLA က လက်မခံတဲ့နောက်မှာတော့ စစ်ကောင်စီက ရှမ်းမြောက်မှာ ထိုးစစ်စတင်ခဲ့ပါတယ်။
ဇူလိုင် ၁၆ ရက်နေ့မှာတော့ တနှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့တဲ့ နောင်ချိုကို TNLA ဘက်က ပြန်လက်လွှတ်ခဲ့ရသလို အောက်တိုဘာ ၁ ရက်နေ့မှာတော့ ကျောက်မဲကိုပါ ထပ်ပြီး လက်လွှတ်ခဲ့ရပါတယ်။
လက်ရှိမှာတော့ သီပေါကို ဆက်ပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး မြို့နားကိုလည်း စစ်ကောင်စီထိုးစစ်က ရောက်နေပြီလည်းဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ကတော့ စစ်ဆင်ရေးကို နှစ်ပိုင်းခွဲဆောင်ရွက်မယ့်အခြေအနေဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင်မှာ သီပေါကို အပြီးသတ်သိမ်းနိုင်ဖို့အတွက် ကြိုးစားမှာဖြစ်သလို ရွေးကောက်ပွဲအပြီးမှာတော့ ရှမ်းမြောက်က လက်ကျန်မြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင်နိုင်သလို အပစ်ရပ်ထားတဲ့ MNDAA ထိန်းချုပ်မြို့နယ်တွေကိုပါ ခြိမ်းခြောက်လာဖွယ်ရှိတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
တရုတ်အနေနဲ့လည်း ကုန်သွယ်ရေးလမ်းကြောင်း အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက် အရေးကြီးနေတာကြောင့် ဘက်ပေါင်းစုံက ဖိအားပေးနေတာပါ။
၁၀၂၇ စစ်ဆင်ရေးအလွန်မှာ ရှမ်းမြောက်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ စစ်ကောင်စီတို့အကြား ညှိညှိနှိုင်းနှိုင်းနဲ့ အုပ်ချုပ်ရေးပုံစံကို အတူတူ ဖန်တီးဖို့ တရုတ်ဘက်က ကနဦးမျှော်လင့်ခဲ့တယ်လို့ တရုတ်အရေးကျွမ်းကျင်သူတယောက်က ပြောပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရထင်ထားတာထက် ပိုမိုအောင်မြင်ခဲ့တဲ့နောက်မှာတော့ ရှမ်းမြောက်မှာ ဘက်တဘက်တည်းက လွှမ်းမိုးသွားတာမျိုး မဖြစ်အောင်နဲ့ အနောက်အုပ်စုနဲ့ ရှင်းရှင်းလင်းလင်းရှိတဲ့ စစ်ကောင်စီကိုပဲ တရုတ်က ပြန်သုံးဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာ TNLA က မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုင်ထားနိုင်ပေမဲ့ လက်ရှိမှာတော့ နောင်ချိုနဲ့ ကျောက်မဲကို ပြန်လက်လွှတ်ထားရပြီး သီပေါနဲ့ မိုးကုတ်ကိုလည်း စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ တနိုင်ငံလုံးအနေအထားနဲ့ဆိုရင် တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၁၀၄ မြို့ထဲက ၁၀ မြို့ကို စစ်ကောင်စီဘက်က ပြန်လည် ထိန်းချုပ်ထားပြီး မြို့တချို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
ထက်အောင်




