
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ပြည်တော်သာရပ်ကွက်ကို အောက်တိုဘာ ၁၅ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်တပ်က ဝင်ရောက်ရှာဖွေပြီး လက်ကိုင်ဖုန်းတွေနဲ့ တန်ကြေးရှိ ရွှေငွေတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်တော်သာရပ်ကွက်ထဲကို စစ်တပ်က အင်အား ၈၀ နီးပါးနဲ့ ဝင်ရောက် ရှာဖွေသွားတာ ဖြစ်ပါတယ်။
ပြည်တော်သာရပ်ကွက်နေ ပြည်သူတယောက်က “သူတို့ ရှာဖွေတာက မောင်းခမ်းဘုန်းကြီး ကျောင်းလမ်းနဲ့ ရပ်ကွက်အစွန်အဖျားက လူနေအိမ်တွေကို အများဆုံးရှာဖွေတယ်ဗျ။ လူတွေကတော့ ဘာမှမလုပ်ဘူး။ အိမ်ထဲမှာတွေ့တဲ့ ဖုန်းမှန်သမျှ အကုန်သိမ်းပြီး ယူသွားတယ်။ နောက်ပြီးတော့ သူတို့အိမ်ထဲမှာ ရှာဖွေပြီး တွေ့သမျှ ရွှေငွေတွေလည်း အကုန်ယူသွားကြတယ်။ သူတို့ယူတာကို ဘာမှမပြောရဲဘူးလေ။ မပြောရဲတာကလည်း သူတို့လက်ထဲမှာ သေနတ်တွေလည်း ပါတယ်။ ဒီကောင်တွေက လူစိတ်ရှိတဲ့ ကောင်မဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်နဲ့ ဘုရားကြီးရပ်ကွက်အတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးနေပြီး တဖက်မှာလည်း အခုလို ရှာဖွေဖမ်းဆီး ပေါ်တာဆွဲနေတယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “စစ်တပ်ရဲ့ လှည့်ကွက်ဗျူဟာတွေထဲ မြို့ပေါ်ကပြည်သူတွေ ခံနေရတာ ကျနော်တို့ လက်တွေ့ မြင်တွေ့ နေရတယ်။ မြို့ပေါ်က ပြည်သူတွေကလည်း စစ်တပ်ရဲ့ ပျော်ပွဲရွှင်ပွဲတွေ သွားကြတာလည်း စည်စည်ကားကားပါပဲ။ ဟိုသတင်းကျွတ်လပြည့်နေ့ကလည်း ချမ်းမြဝတီရပ်ကွက်၊ ကျောက္ကာလမ်းမကြီး ဘေးမှာရှိတဲ့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲ စစ်တပ်က လုပ်တယ်။ အဲပွဲမှာ ပြန်လာတဲ့ လူငယ်တွေကို စစ်တပ်က လမ်းခုလပ် တနေရာကနေ ပေါ်တာဆွဲတယ်။ မိဘတွေက ပေါ်တာဆွဲခံရတော့မှ ကျနော်တို့ဆီ သတင်းပို့ အကြောင်းကြားတာတွေရှိတယ်။ လို့ ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက်၊ ညနေ ၄ နာရီကနေ ည ၈ နာရီအထိ ဘုရားကြီးရပ်ကွက်အတွင်းမှာရှိတဲ့ ရွှေတိဂုံဘုရားနဲ့ ဆုတောင်းပြည့်ဘုရားပွဲအတွက် နိုင်ငံကျော်အဆိုတော်တွေရဲ့ သီချင်းဆိုပွဲကို ကြည့်ပြီး ပြန်လာသူ အယောက် ၃၀ ကျော်လောက်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပါတယ်။
မုံရွာမြို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးထောက်ခံတဲ့ မြို့တမြို့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးချိန်မှာလည်း လမ်းမပေါ်ထွက်ပြီး ဆန္ဒပြ အင်အားကောင်းတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။